DVB Logo
Home
မြန်မာသတင်း
ငတ်မသေရုံတမယ်ရုန်းကန်နေရသည့် စစ်တွေမြို့က စစ်ဘေးရှောင်များ 
DVB
·
May 5, 2026
Photo : DVB
Photo : DVB
Donate to DVB

နေရပ်စွန့်ခွာခဲ့ရတာ တနှစ်ကျော်ကြာရှိလာပြီဖြစ်ပေမဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်ဘေးရှောင် ၁၀,၀၀၀ လောက်အတွက်တော့ အိမ်ပြန်လမ်းကအလှမ်းဝေးနေဖြစ်လို လက်ရှိခိုလှုံနေရတဲ့ ဘုန်းတော်ကြီးကျောင်းတွေထဲမှာ အထောက်အပံ့တွေ ပြတ်တောက်ပြီး ငတ်မသေရုံတမယ် ဘဝကို ဖြတ်သန်းနေရပါတယ်။

၂၀၂၄ ခုနှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့နယ်အတွင်းရှိ ဗျိုင်းဖြူရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေကို စစ်အာဏာရှင်တပ်က အတင်းအဓမ္မ နှင်ထုတ်ခဲ့တာပါ။

လက်ရှိမှာတော့ အဲ့ဒီဒေသခံတွေဟာ စစ်တွေမြို့ပေါ်က ဘုန်းတော်ကြီးကျောင်း ၅၀ ကျော်မှာ ယာယီ စစ်ဘေးရှောင်စခန်းအဖြစ် ခိုလှုံနေကြရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စစ်ဘေးရှောင် ၇,၀၀၀ ကျော်ရှိတယ်လို့ ဆိုပေမဲ့ မြေပြင်မှာတော့ ဒုက္ခသည်ဦးရေ ၁၀,၀၀၀ နီးပါးအထိ ရှိနေတယ်လို့ စခန်းတာဝန်ခံတွေက ဆိုပါတယ်။

စစ်ဘေးရှောင်တွေဟာ အရင်က စစ်ကောင်စီထံကနေ တလကို ထောက်ပံ့ကြေး ကျပ် ၂၀,၀၀၀ နဲ့ ဆန် နို့ဆီဘူး ၆၀ စီ ရရှိခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဒီထောက်ပံ့မှုတွေ အားလုံး ပြတ် တောက် သွားခဲ့ကာ လက်ရှိမှာ စားဝတ်နေရေး အကျပ်အတည်းဆိုက်နေပြီလို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“၂၀၂၅ ခုနှစ် ၉ လပိုင်းမှာ တကြိမ် အစိုးရဆီက စစ်ဘေးရှောင်တယောက်စီကို တလမှာ ၂၀,၀၀၀ နှုန်းနဲ့ ၃ လစာ ကျပ် ၆၀,၀၀၀  ၊ ဆန်နို့ဆီဘူး ၆၀ ထောက်ပံ့ပေးပါတယ်။ ပြီးရင် ဒီနှစ် ၂၀၂၆ ၊ ၂ လပိုင်းမှာတော့ ဆန်နို့ဆီဘူး ၄၈ ဘူးရပါတယ်။ ထောက်ပံ့ငွေတော့ မပေးတော့ပါဘူး။ အဲဒီက တည်းကနေ ခုဆိုရင် ထောက်ပံ့ငွေမရတာ ၈ လလောက်တော့ရှိပါပြီ ၊ ဆန် တဘူးနဲ့ ချက်စားရတာ လည်း ဘယ်လိုမှာ ဗိုက်မဝဘူး။ အဲဒီဆန်ကို ထမင်းဖြစ်ဖို့အတွက် လောင်စာတွေ၊ ထင်းတွေ ရှာရတာက တော်တော့်ကိုအခက်အခဲရှိပါတယ်။ အသားငါးကတော့ မဝယ်နိုင်လို့ မစားရတာ တော်တော့်ကို ကြာနေပါပြီ။ NGO အဖွဲ့ တဖွဲ့ကတော့ စိုက်ခင်းသေးသေးလေးတွေ လုပ်ပေး ထားပါတယ်။ ခရမ်းသီးတို့၊ ခရမ်းချဉ်သီးတို့စိုက်ထားတာပေါ့နော်၊ အဲဒါလေးတွေကိုပဲ ချက်ပြုတ် စားသောက် ကြပါတယ်။”

ဒါ့အပြင် တိုက်ပွဲတွေ ပတ်ပတ်လည် ဝိုင်းနေတဲ့ စစ်တွေမြို့မှာ စစ်တပ်က လမ်းကြောင်းအားလုံး ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်းဟာ အဆမတန် မြင့်တက်နေပါတယ်။

လက်ရှိမှာ ဆန်ကြမ်းတအိတ်ကို ကျပ် ၁ သိန်းကနေ ၂ သိန်းဝန်းကျင်အထိ ရှိနေသလို၊ ထင်းတစည်း ကို ကျပ် ၄,၀၀၀ အထိ ပေးနေရတာပါ။

အလုပ်အကိုင်မရှိ၊ အထောက်အပံ့မရတဲ့ ဒီဒုက္ခသည်တွေအတွက် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို စခန်းတာဝန်ခံတယောက်က ပြောပြပါတယ်။

“အစစရာရာ ဘေးကင်းလုံခြုံမှုလည်း မရှိဘူး ၊ စားဝတ်နေရေးအခက်အခဲတွေအများကြီးလည်း ရှိတယ်၊ စစ်ဘေးရှောင်တွေက အပြင်ကို ထွက်ပြီးအလုပ်လုပ်လို့ မရဘူး ၊ ၆ နာရီဆို ပြန်ဝင်ရတယ် ၊ မြို့တွင်းထဲမှာလည်း အလုပ်အကိုင်တွေက မယ်မယ်ရရမှ မရှိတာ။ အလုပ်ရှင်တွေလည်းမရှိတော့ အလုပ်အကိုင်တွေက ရှားတယ်။ ဒီအခက်အခဲတွေကြားထဲမှာ ကျနော်တို့ကို ပိုက်ဆံနဲ့ စားဝတ်နေရေး ကို ကူညီထောက်ပံ့ပေးစေချင်ပါတယ်။”

ဒီအခြေအနေတွေကြောင့် စစ်ရှောင်တွေဟာ စားဝတ်နေရေး ကျပ်တည်းပြီး အာဟာရပြတ်လပ်ကာ သေဆုံးသူတွေရှိလာသလို၊ ဖျားနာရင်တောင် ဆေးခန်းပြဖို့ ငွေကြေး မရှိတာကြောင့် ကြိတ်မှိတ် သည်း ခံနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ဒါ့အပြင် ညဘက် ဧည့်စာရင်းစစ်ပြီး ဖုန်းသိမ်းဆည်းတာနဲ့ ဖမ်းဆီးတာတွေကြောင့် လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်နေကြရတာပါ။

နိုင်ငံတကာအဖွဲ့အစည်းအချို့က ငွေကြေးထောက်ပံ့မှုတချို့ ပြုလုပ်ပေးနေပေမဲ့ စစ်ရှောင် အများစု ကတော့ ခုချိန်ထိ မရရှိကြသေးပါဘူး။

နေရပ်စွန့်ခွာလာရတဲ့ သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ နေရပ်ပြန်နိုင်ဖို့ မျှော်လင့် နေကြပေမဲ့ လက်ရှိမှာတော့ ဝမ်းစာအတွက် တနေ့တာကို မသေရုံတမယ် ခက်ခဲစွာ ရုန်းကန် နေကြရဆဲ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013