DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အသက် ၆၀ ကျော်အရွယ်များ အပြင်မထွက်ရန် တိုက်တွန်း
DVB
·
April 14, 2020
ဧရာဝတီတိုင်းတွင် အသက် ၆၀ ကျော်အရွယ်များ အပြင်မထွက်ရန် တိုက်တွန်း
Donate to DVB

COVID-19 ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ အနေနဲ့ လိုအပ်မှ အပြင်ထွက်ဖို့နဲ့ အသက် ၆၀ ကျော် အရွယ် ပြည်သူတွေ အပြင်မထွက်ဖို့ တိုင်းအစိုးရအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဧပြီ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ တိုင်းအဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီရဲ့ အစည်းအဝေးမှာ တိုင်း အတွင်းက ဝင်ထွက်သွားလာတဲ့ ဂိတ်ပေါက်တွေကို အရင်ကထက်ပိုမိုတင်းကြပ်စွာစစ်ဆေးသွားဖို့နဲ့ ပြည်သူတွေမလိုအပ်ဘဲ အပြင်မထွက်ဖို့အတွက် တိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က “ခရိုင်တွေကို စာထွက်ထားပါတယ်၊ လိုအပ်မှသာလျှင် အပြင်ထွက်ဖို့ အိမ်ထဲမှာပဲ နေထိုင်ကြဖို့ အပြင်ထွက်ရင်လည်း Mask တွေတပ်သွားဖို့ ပြီးတော့ အသက် ၆၀ ကျော်အရွယ် ရောဂါ အခံရှိသူတွေ အပြင်မထွက်ဖို့ နှိုးဆော်တဲ့ အနေနဲ့ သွားမှာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရောဂါဖြစ်ပွားမှုအရှိန်မြင့်လာပြီဖြစ်တာကြောင့် တိုင်းအတွင်းမှာလည်း ခရီးသွားလာတာနဲ့ ပတ်သက်ပြီး တနေရာနဲ့ တနေရာသွားမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်တာတွေနဲ့ အခြားနေထိုင်မှု ထောက်ခံချက်တွေ လိုအပ်မှာဖြစ်ပြီး စိစစ်ဖို့အတွက်ကိုတော့ တိုင်းအဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ စာထုတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းကို ဝင်ထွက်သွားလာနိုင်တဲ့ ဝင်ထွက်ပေါက် ၆ ခုကိုလည်း အရင်ကထက် ပိုမိုတင်းကြပ်ပြီး စစ်ဆေးတာတွေလုပ်ဖို့လည်း စီစဉ်နေပြီး တိုင်းအတွင်းက ပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ ကိစ္စကိုတော့ ဧပြီ ၁၃ ရက်က ခရိုင် ၆ ခရိုင်ကို ညွှန်ကြားစာထုတ်ခဲ့ပြီးဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။

ဧပြီ ၁၀ ရက် ည ၁၂ နာရီအချိန်ကနေစတင်ပြီး ဧပြီလ ၁၉ ရက်နေ့ထိ ဧရာဝတီတိုင်းသို့ ကုန်းလမ်းကနေလာရောက်တဲ့ ခရီးသည်တင်ယာဉ်တွေကို ပိတ်ထားပြီး ကုန်တင်ယာဉ်တွေနဲ့ ယာဉ်မောင်းအပါအဝင် ၇ ယောက်အောက် အိမ်စီးကားတွေကိုတော့ သွားလာခွင့် ခွင့်ပြုထား ပါတယ်။

ဧရာဝတီတိုင်းမှာ Facilities Quaranntine  နေရာ ၄၀၅ ခုမှာ လူပေါင်း ၁၆၁၃ ဦးနေထိုင်နေပြီး၊ Home Quaranntine အဖြစ် ၁၀၀၉ ဦးနေထိုင်နေပါတယ်။ COVID-19 ရောဂါသံသရှိသူ ၁၃ ဦးရှိခဲ့ပြီး ဓာတ်ခွဲအဖြေအရ ၉ ဦးမှာ ရောဂါပိုးမတွေ့ရှိသော်လည်း ကျန် ၄ ဦးရဲ့ ဓာတ်ခွဲအဖြေကိုတော့ စောင့်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ၆၂ ဦးအထိရှိလာပြီး သေဆုံးသူ ၄ ဦးကတော့  အသက် ၄၀ ကျော် ရောဂါအခံရှိသူ ၁ ဦး နဲ့ အသက် ၆၀ ကျော် ရောဂါအခံရှိသူ ၃ ဦးတို့ ဖြစ်ပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013