
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ ပထမဆုံး COVID-19 ရောဂါပိုးတွေ့ရှိသူ တဦး ရှိပြီဖြစ်လို့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး Hospital Quarantine ပြုလုပ်ကာ ဓာတ်ခွဲနမူနာ ပေးပို့သွားမယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးကပြောပါတယ်။
မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲမှာ Facility Quarantine ပြုလုပ်ထားသူထဲတွေထဲက ပထမဆုံး အနေနဲ့ COVID-19 ရောဂါ စတင်တွေ့ရှိတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ကြေညာထားတာပါ။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “ မြို့သစ်မြို့နယ်အတွင်း ပြည်ပက ပြန်ဝင်လာသူတွေကို မတ်လ ၃၀ ရက်နေ့က Facility Quarantine ပြုလုပ်ထားတဲ့ထဲက ဧပြီ ၁၂ ရက်နေ့မှာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့မှာ အဖြေထွက်ခဲ့တာပါ။ အမျိုးသားတစ်ဦး ရောဂါပိုးတဦး တွေ့ရှိတာပါ။ ရောဂါပိုးတွေ့ရှိသူကို မကွေးတိုင်းဆေးရုံကြီးကို ခေါ်ယူကုသပေးမှာဖြစ်ပြီး သူနဲ့အတူ Quarantine ပြုလုပ်ထားတဲ့ထဲက ကျန်တဲ့ ၁၀ ဦးကိုလည်း ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမှာပါ။ ဒါအပြင် လူနာနဲ့အတူ ခရီသွား ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို စုံစမ်းဖော်ထုတ်ပြီး Quarantine ပြုလုပ်ပေးကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေး သွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းမှာ ပြည်ပက ပြန်ဝင်လာသူ ၁၄,၀၀၀ ဦးခန့်ကို Facility Quarantine ပြုလုပ်ပေးထားပြီး ဧပြီ ၁၁ ရက်ကစတင်ကာ နှာခေါင်းတို့ဖတ်နဲ့ လည်ချောင်းတို့ဖတ်ရယူကာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာမှာတော့ ရောဂါလက္ခဏာမပြဘဲ ပထမဦးဆုံး ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း-မင်းထီး










