
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု Quarantine ဆောင်ရွက်ထားသူ ၁ ဦး COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၁၀ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒီကနေ့ညနေ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၄) ခုကို ထပ်မံစစ်ဆေးခဲ့ရာမှာ လူနာ ၁ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှု Quarantine ဆောင်ရွက်ထားသူ ၁၁ ဦးမှာလည်း COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ ဒီကနေ့ည (၈) နာရီက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့စစ်ဆေးတွေရှိတဲ့ ရန်ကုန်နဲ့ မကွေးက အတည်ပြုလူနာသစ် ၁၂ ဦး ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက် ည ၁၀ နာရီအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၅၃ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၄ ဦးနဲ့ ပြန်ကောင်းလာသူ ၂ ဦးရှိသွားပြီ ဖြစ်ပါတယ်။










