DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၃၈ ပင်စင်သွားထုတ်ခဲ့သည့်နေရာမှ လူ ၆၀ ကျော်ကို Home Quarantine ထားရှိ
DVB
·
April 13, 2020
လူနာအမှတ် ၃၈ ပင်စင်သွားထုတ်ခဲ့သည့်နေရာမှ လူ ၆၀ ကျော်ကို Home Quarantine ထားရှိ
Donate to DVB

လူနာ နံပါတ် ၃၈ သွားခဲ့တဲ့ အင်းစိန် မီးရထားစက်ခေါင်းရုံရှေ့ မီးရထားဗဟိုသင်တန်းကျောင်းမှာ ပင်စင်လာထုတ်သူ ၆၀ ကျော်ကို Home Quarantine စတင်ထားရှိပြီး စောင့်ကြည့်နေတယ်လို့ အင်းစိန်မြို့နယ် ရွာမ/အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။  

၇၈ နှစ်အရွယ် အဲဒီလူနာဟာ ပြည်ပနိုင်ငံတွေကို ခရီးသွားရာဇဝင်မရှိတဲ့အပြင် အိမ်ထဲမှာပဲ နေထိုင်သူဖြစ်ပြီး သူ မတ် ၂၄ ရက်က သွားရောက်ခဲ့တဲ့ မီးရထားဗဟိုသင်တန်းကျောင်းမှာ ပင်စင်ထုတ်သူ အယောက် ၆၀ ကျော်ကို Home Quarantine ဒီနေ့ စထားတာလို့ ဆိုပါတယ်။

အဲဒီလူနာဟာ မတ် ၂၆ ရက်နေ့က ဖျားတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာတွေ ခံစားရတာကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးကို သွားပြရာက စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာက ပိုးတွေ့ကြောင်း အတည်ပြုခဲ့တာပါ။

ဦးဝင်းသိန်းက “သူ့မှာ ရောဂါအခံရှိတယ်။ လည်ချောင်းပူ၊ လျှာပူတယ်။ ၂၆ ရက်နေ့မှာ စဖျားပြီးတဲ့နောက်မှာ သူ့ကိုယ်သူ သံသယရှိလာတယ်။ သူ အဲဒီရောဂါများဖြစ်နေလား မသိဘူးလို့ ပြောတယ်။ အဲဒီနောက်ပိုင်းမှ အင်းစိန်ဆေးရုံကိုပြတာပါ” လို့  ပြောပါတယ်။

သူ နေထိုင်ခဲ့တဲ့ အင်းစိန်ရွာမ/အရှေ့ရပ်ကွက်က လမ်းကို Lock Down ချထားလိုက်သလို လမ်းထဲကလူတွေ အိမ်အပြင်မထွက်ဖို့ ပြောထားပြီး အနည်းဆုံး ၂၁ ရက်လောက် စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

အဲဒီ ကူးစက်ခံလူနာမှာ မိသားစု ၇ ယောက်ရှိပြီး ဘယ်သူမှ အိမ်အပြင်မထွက်ကြကြောင်း၊ သူ့သားအငယ်တယောက်ကတော့ ပညာရေးဝန်ထမ်းဖြစ်တာကြောင့် ကျောင်းကို သွားတာရှိတယ်လို့ သိရပါတယ်။

အင်းစိန်ဈေးကုန်း/အရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးက “သူ ဘယ်ကကူးတယ်ဆိုတာ ပြောလို့မရသေးဘူး။ အတူတူ ထိတွေ့ခဲ့တယ်လို့ ထင်ရတဲ့သူတွေကို လိုက်စုနေတုန်းပဲ” လို့ ပြောပါတယ်။

လူနာ နံပါတ် ၃၈ ရဲ့ မိသားစုဝင် ၇ ဦးကိုတော့ လှိုင်မြို့နယ်မှာ သီးသန့် Quarantine ထားပြီး ဆက်လက်စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့မနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း  ၄၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013