
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဝက်ရောဂါဖြစ်ပွားပြီး သေဆုံးမှုတွေ ဆက်တိုက် ရှိလာနေတာ ကြောင့် တပိုင်တနိုင် အိမ်တွင်း မွေးမြူရေးလုပ်ငန်းအဖြစ် မွေးမြူနေကြတဲ့ ဒေသခံတွေရဲ့ စီးပွားရေး အပေါ် ထိခိုက်နေတယ်လို့ ဝက်မွေးမြူသူတွေက ပြောပါတယ်။
ဇွန်လ အစောပိုင်းကတည်း ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဝက်တွေဟာ အစာမစားတာ၊ ကိုယ်ပူတာ၊ ခန္ဓာကိုယ်တွေမှာ အဖုတွေပေါက်တာစတဲ့ရောဂါတွေ ဖြစ်ပွားပြီး သေဆုံးမှုတွေ ဆက်တိုက်မြင့်တက်လာနေလို့ တနိုင်တပိုင် မွေးမြူသူတွေရဲ့ ဝင်ငွေနဲ့ စီးပွားရေးကို ထိခိုက် လာတာ လို့ ကျောက်တော်မြို့နယ်က ဝက်မွေးမြူတဲ့ အမျိုးသမီး ဒေါ်မသိန်းက ပြောပါတယ်။
“ဝက်တွေက ပထမတော့ ကိုယ်ပူပြီး အစာမစားတော့ဘူး။ အစာ မစားဘဲ ၃၊ ၄ ရက်လောက်နေရင် ခန္ဓာကိုယ်တွေမှာ အဖုတွေ အစက်တွေ ဖြစ်လာပြီးရင် ဝက်တွေက သေသွားတော့တာပဲ။ ဆေးတွေ ထိုးပေမဲ့လည်း သိပ်ပြီးတော့ ထူးခြားမလာဘူး။ နှစ်တိုင်းလိုလို မိုးတွင်းဆိုရင် ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေကထက် အသေအပျောက် ပိုများတယ်။ ဝက်ပေါက်ဈေးတွေနဲ့ ဆန်မှုန့်တွေရဲ့ စရိတ်က ကြီးတော့ ဆုံးရှုံးမှု အတော်လေးကို များကြတယ်။”
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဝက်သားပေါက်တကောင်ကို ကျပ်ငွေ ၄ သိန်းခွဲအထိ ပေါက်ဈေး ရှိတာကြောင့် ဝက်တွေ ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ တပိုင်တနိုင် မွေးမြူသူတွေဟာ ငွေကြေး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
ဝက်မွေးမြူတာဟာ ရခိုင်ပြည်နယ်က ကျေးလက်ဒေသမှာ အဓိကဝင်ငွေရရှိတဲ့ တပိုင်တပိုင် မွေးမြူရေးလုပ်ငန်းအဖြစ် အမျိုးသမီးတွေနဲ့ တချို့အိမ်ထောင်စုတွေက မွေးမြူနေကြတာလည်း ဖြစ်ပါတယ်။
ဝက်တွေ ရောဂါဖြစ် သေဆုံးနေကြတာကြောင့် တပိုင်တနိုင် မွေးမြူနေသူတွေမှာ အကြွေးတွေ တင်လာကြတယ်လို့လည်း နောက်ထပ် ဝက်မွေးမြူသူ ကျောက်တော်မြို့နယ်က အမျိုးသမီး တယောက်က ပြောပါတယ်။
“ဝက်ပေါက်လေးတွေက အကြွေးနဲ့ ဝယ်ထားကြရတာ။ အခုလို ၅ လ ၆ လ မွေးစားပြီးမှ ရောဂါ ကြောင့် သေဆုံးသွားတော့ ဆုံးပြီပေါ့။ ဝက် တန်ဖိုးကလည်း ဝက်ရောင်းပြီးမှ ပေးမယ် ဆိုပြီးတော့ အသိတွေဆီက အကြွေးနဲ့ဝယ်ထားတာ။ အခု ဝက်က သေသွားတော့ အကြွေးတင်တာပဲ ရှိတယ်။ မရှိလို့ အိမ်မှာနေရင်း အပိုဝင်ငွေတခုများ ရမလားလို့ မွေးစားကြတာ။”
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဝက်တွေ ရောဂါဖြစ် သေဆုံးမှုတွေ ဆက်တိုက် ရှိလာနေတာ ကြောင့် ဝက်သားစားသောက်သူတွေ အလွန်နည်းပါးလာကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မိုးတွင်းရာသီအတွင်း အာဖရိကဝက်အဖျားရောဂါ (African Swine Fever - ASF) နဲ့ ဝက်တုပ်ကွေးရောဂါတွေ အဖြစ်များတတ်တယ်လို့ တိရစ္ဆာန်ကျန်းမာရေး ကုသရေး တတ်ကျွမ်း နားလည်သူတွေဆီက သိရပါတယ်။










