
COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ နံပတ် ၃၉ ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ အသက် (၈၅) နှစ်အရွယ် အမျိုးသားတဦး ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၁၂ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အဆိုပါလူနာဟာ ဧပြီ ၉ ရက်က ဖျားခြင်း၊ ချောင်းဆိုးတဲ့ လက္ခဏာတွေ စတင်ခံစားခဲ့ရလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီ ၁၁ ရက်မှာ သွားရောက်ပြသခဲ့ရာစောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဆိုပါလူနာဟာ လွန်ခဲ့တဲ့ (၁၄)ရက်အတွင်း ပြည်ပသို့ ခရီးသွားလာခဲ့တာမရှိဘဲ ဆီးချိုရောဂါနဲ့ နှလုံးသွေး ကြောကျဉ်းရောဂါအခံရှိသူဖြစ်တယ်လို့ ဆိုပါတယ်။
လူနာမှာ ဆေးရုံ စတင်တက်တဲ့အချိန်မှာ အလွန်မောပန်းနေပြီး သွေးတွင်း အောက်စီဂျင်ဓာတ်တွေ ကျဆင်းနေလို့ လိုအပ်တဲ့ ကုသမှုပေးခဲ့ပေမယ့် ဒီကနေ့ ဧပြီ ၁၂ ရက် မနက် ၆ နာရီမှာ သေဆုံးသွားတာဖြစ်ပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒီကနေ့ စုစုပေါင်း လူ (၉၃) ဦး ရဲ့ ဓာတ်ခွဲ နမူနာတွေကို စစ်ဆေးခဲ့ရာမှာ အဆိုပါ လူနာ (၁) ဦးမှာသာ COVID-19 ရောဂါပိုး တွေ့ရှိ ရပြီး ကျန်သူတွေကတော့ ရောဂါပိုးမရှိရပါဘူး။
မြန်မာနို်ငငံမှာ ဧပြီ ၁၂ ရက် ည ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၄ ဦးရှိသွားပြီဖြစ်ပါတယ်။










