
မကွေးတိုင်းအတွင်း ပြည်ပကပြန်ဝင်လာတဲ့ Facility Quarantine ပြုလုပ်ထားသူတွေကို ဧပြီ ၁၂ ရက်နေ့က စတင်ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာ နလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
“ချောက်မြို့နယ် ကပြည်တော်ပြန် ၁၄ ဦး ဓာတ်ခွဲနမူနာပေးပို့ခဲ့ရာ ရောဂါပိုးမတွေ့ရှိပါဘူး။ မကွေး၊ နတ်မောက်၊ မြို့နယ်တွေမှာရှိတဲ့ ပြည်တော်ပြန် ၆၀ ဦးခန့်ရဲ့ လည်ချောင်း တို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်တွေကို ဧပြီ ၁၂ ရက်နေ့မှာ ဓာတ်ခွဲနမူနာပေးပို့ထားပါတယ်။ အဓိကတော့ Facility Quarantine ပြုလုပ်ထားတဲ့ ပြည်တော်ပြန်တွေမှာ ရောဂါလက္ခဏာ မပြပေမယ့် ရောဂါပိုးရှိ/မရှိ သိရှိနိုင်အောင် ရည်ရွယ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာပါ။ ပြည်တော်ပြန်တွေကို နေ့စဉ် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ တမြို့နယ်ကို ၂၀ ဦးလောက် ဓာတ်ခွဲနမူနာတွေ ဆက်တိုက်ပေးပို့ စစ်ဆေးပေးမယ်။”
တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်ပက ပြန်လည်ဝင်ရောက်လာသူ ၇၄၀၀၀ ကျော်ရှိနေပြီး မကွေးတိုင်းဒေသကြီးမှာတော့ ၁၄၀၀၀ လောက် ပြန်လည်ဝင်ရောက်လာတဲ့အတွက် Facility Quarantine ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၃၈ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ ၂ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မင်းထီး










