
COVID-19 ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းမှာ အရေးယူထားတဲ့ အမှု ၁၀ မှုရှိပြီး ဟင်္သာတခရိုင်မှာ အများဆုံး အရေးယူခံထားရတယ်လို့ တိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။
“အဓိကတော့ ကူးစက်ဥပဒေနဲ့ဆို ၂ မှု၊ ဘေးစီမံဥပဒေနဲ့ဆို ၅ မှု၊ ကျန်တဲ့ပုဒ်မတွေက ၃ မှုလောက်ရှိတယ်၊ အားလုံးပေါင်း ၁၀ မှုရှိတယ်။”
လေးမျက်နှာမြို့နယ်၊ လှော်ကထား စောင့်ကြည့်နေရာမှ ထွက်ပြေးသူအား အရေးယူတာနဲ့ ပြည်သူတွေကို COVID-19 ကျန်းမာရေး အသိပညာပေး ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအား နှောင့်ယှက်သူတွေကို အရေးယူထားတာ ဖြစ်ပါတယ်။
“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပေးဖို့လိုတယ်။ ဒါ ကာကွယ်တာပဲ၊ ကျနော်တို့ တိုင်းအစိုးရအနေနဲ့ မေတ္တာရပ်ခံချင်တာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို အသိစိတ်ဓာတ်ရှိရှိနဲ့ လိုက်နာပေးကြဖို့” လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးက ပြောပါတယ်။
ပုသိမ်မြို့ စေတနာ့ဝန်ထမ်းအဖွဲ့မှ ကိုအောင်ခန့်ဇော်က ထိထိရောက်ရောက် အရေးယူတာတွေ လုပ်စေချင်တယ်လို့ ပြောပါတယ်။
“ဒီရောဂါကလည်း မြင်နိုင်တာလည်း မဟုတ်ဘူး၊ ပြည်သူတွေဘက်က လိုက်နာစေချင်တယ်။ အရေးယူမှုတွေမှာလည်း ထိထိရောက်ရောက် အရေးယူတာမျိုးတွေလည်း လုပ်စေချင်တယ်။ အရမ်းကြီးအကြောက်တာပုံစံမျိုးတော့ မဖြစ်စေချင်ဘူး၊ တဘက်က ရောဂါစိုးရိမ်းမှုလည်းရှိတယ်။ တချို့ကျ စားဝတ်နေရေးကြောင့် အပြင်ထွက်ရတာမျိုးလည်း ရှိတယ်။ ဒါတွေကို ချိန်ဆပြီးတော့ ဖြစ်စေချင်ပါတယ်။”
ဒါ့အပြင် အရေးယူတာတွေ မလုပ်ရင် ပြဿနာတွေ ပိုဖြစ်လာနိုင်တာကြောင့် ပြည်သူတွေဘက်က ပိုပြီး လိုက်နာပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အမှု ၁၀ မှုထဲမှာ ပြစ်ဒဏ်ချပြီး ၅ မှု၊ ရဲတပ်ဖွဲ့က စစ်ဆေးဆဲ အမှုက ၃ မှုနဲ့ ဥပဒေအကြံပေးတောင်းထားတာ ၂ မှုရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ ညပိုင်း ခိုးမှုလုယက်မှုတွေ မဖြစ်ပေါ်စေဖို့ ရဲတပ်ဖွဲ့က ရပ်ကွက်တွေမှာ လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းတွေနဲ့ လုံခြုံရေးဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။










