ကမ္ဘာ့ကြိုးတန်းလျှောက်ချန်ပီယံ အက်စတိုးနီးယားနိုင်ငံသား ယန်ရို့စ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ပြလမ်းမထက်မှာ ကြိုးတန်းလျှောက်တဲ့ စိန်ခေါ်မှုကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ရို့စ်ဟာ မြေပြင်ကနေ ၃၈၃ ပေအမြင့်မှ ၅၂၄ ပေ အရှည်ရှိတဲ့ ကြိုးတန်းကို လျှောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
မြို့ပြပတ်ဝန်းကျင်တွေက တခြားအခြေအနေတွေနဲ့ မတူညီတာကြောင့် မြို့ပြလမ်းမထက်မှာ ကြိုးတန်းလျှောက်တာက အထူးစိန်ခေါ်မှုတခု ဖြစ်တယ်လို့ ရို့စ်က ပြောပါတယ်။
“သဘာဝဆန်တဲ့ နေရာတွေမှာ ကြိုးတန်းလျှောက်ပြရတာနဲ့ မြို့ပြလိုနေရာမှာ ကြိုးတန်းလျှောက်ပြရတာက အမြဲတမ်း ပိုပြီးခက်ပါတယ်။”
ရို့စ်ဟာ ၂၀၂၂ ခုနှစ်က တောင်ကိုရီယားနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် ရောက်ခဲ့တုန်းက တောင်ကိုရီးယား ရိုးရာကြိုးတန်းလျှောက်အနုပညာနဲ့ ခေတ်သစ်ကြိုးတန်းလျှောက်မှု နည်းစနစ်တွေကို ပေါင်းစပ်ပြီး ဆောင်ရွက်ဖို့ ပြောဆိုခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်က ကိုရီးယားနိုင်ငံရဲ့ ကြိုးတန်းလျှောက်ပညာကို တွေ့ခဲ့ပြီး သူလေ့လာခဲ့တယ်လို့လည်း ရို့စ်က ပြောပါတယ်။
မြို့လယ်မှာ ကြိုးတန်းလျှောက်မှုကို ကိုရီးယားလူမျိုးတွေကလည်း အာရုံစိုက် စောင့်ကြည့်ခဲ့ကြပါတယ်။
အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယားအလုပ်သမား ဟန်က “ကျောက်တောင်တွေပေါ် တွယ်တက်တာမျိုး၊ ကြော်ငြာဆိုင်းဘုတ်ကြီးတွေပေါ် တက်တာမျိုးတော့ ကျနော် တွေ့ဖူးပါတယ်။ ဒါပေမဲ့ ချောင်ဂရေးချွန်းပေါ် မြို့လယ်ခေါင်ကြီးမှာ အခုလို ကြိုးတန်းလျှောက်နေတာမျိုး တွေ့ရတာက အသစ်အဆန်း ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ရို့စ်ဟာ ကမ္ဘာတဝန်း ကြိုးတန်းလျှောက်တဲ့ စိန်ခေါ်မှုတွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်က စစ္စလီကျွန်းနဲ့ အီတလီနိုင်ငံကို ကီလိုမီတာ ၃ ဒသမ ၆ အကွာအဝေးကို ကြိုးတန်းလျှောက်ပြီး ကမ္ဘာ့စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။
ရို့စ်ဟာ ပြီးခဲ့တဲ့နှစ်က အစ္စတန်ဘူလ်ရှိ ဘော့ဖိုရက်ပေါ်မှာ မီတာ ၁၀၇၄ အကွာအဝေးကိုလည်း ကြိုးတန်းလျှောက်ခဲ့သူအဖြစ် ထင်ရှားပါတယ်။










