
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အဆင့်မြင့် ကာကွယ်ရေးအရာရှိတွေ၊ ရေတပ်ဗိုလ်ချုပ်တွေနဲ့အတူ ချွဲဟျွန်းဖျက်သင်္ဘောကို စစ်ဆေးခဲ့ပြီး ဒုံးကျည်ပစ်ခတ်မှုကိုလည်း ကိုယ်တိုင် ကြည့်ရှုခဲ့တယ်လို့ နိုင်ငံပိုင် KRT ရုပ်သံက ဧပြီ ၁၄ ရက်မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။
ဖျက်သင်္ဘောရဲ့ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်မှုအဖြစ် ဧပြီ ၁၂ ရက်က မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်တွေနဲ့ သင်္ဘောဖျက် ဒုံးကျည်တွေကို ပစ်ခတ်စမ်းသပ်ခဲ့တယ်လို့ KRT မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဒီစမ်းသပ်မှုမှာ ခရုစ်ဒုံးကျည် ၂ စင်းနဲ့ သင်္ဘောဖျက်ဒုံးကျည် ၃ စင်းကို ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သင်္ဘောရဲ့ လက်နက်ထိန်းချုပ်မှုစနစ်တွေကို စစ်ဆေးဖို့၊ သင်္ဘောသားတွေကို ဒုံးကျည်ပစ်ခတ်တဲ့ လုပ်ငန်းစဉ်တွေ လေ့ကျင့်ပေးဖို့နဲ့ အဆင့်မြှင့်ထားတဲ့ လမ်းကြောင်းပြစနစ်ရဲ့ တိကျမှုနဲ့ (Anti-jamming)ကို ခံနိုင်ရည် ရှိ၊ မရှိ စစ်ဆေးဖို့ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
ဒီဒုံးကျည်တွေကို နိုင်ငံရဲ့ အနောက်ဘက်ကမ်းခြေ ပင်လယ်ပြင်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ခရုစ်ဒုံးကျည်တွေဟာ ၇,၈၆၉ စက္ကန့် ကနေ ၇,၉၂၀ စက္ကန့်အထိ ပျံသန်းခဲ့ပါတယ်။
သင်္ဘောဖျက်ဒုံးကျည်တွေကတော့ ၁,၉၆၀ စက္ကန့်ကနေ ၁,၉၇၃ စက္ကန့်အထိ ပျံသန်းခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေအားလုံးဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို အလွန်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters











