DVB Logo
Home
မြန်မာသတင်း
ကလေး ၁ ဦးသေဆုံးသွား၍ ရေဦးဆေးရုံ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကို Home Quarantine လုပ်
DVB
·
April 12, 2020
ကလေး ၁ ဦးသေဆုံးသွား၍ ရေဦးဆေးရုံ ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကို Home Quarantine လုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ကနေ ရေဦးဆေးရုံကို လာရောက်ဆေးကုသမှုခံယူနေတဲ့ ၉ လအရွယ် ကလေးငယ် ၁ ဦး သေဆုံးသွားတာကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကို Home Quarantine လုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့ညက ရေဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဝမ်းလျှောတာ၊ ဖျားတာ၊ အသက်ရှုကြပ်တာ စတဲ့ရောဂါလက္ခဏာတွေနဲ့ ဆေးကုသမှု လာရောက်ခံယူခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာတော့ သေဆုံးသွားတာပါ။

ဓာတ်ခွဲစမ်းသပ် အဖြေမရရှိသေးတဲ့အတွက် ရောဂါလက္ခဏာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ကလေးငယ်ကို ထိတွေ့ကုသပေးခဲ့ရတဲ့ ဆရာဝန်တွေ အပါအဝင် ရေဦးမြို့ ခုတင် ၁၀၀ ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၄ ဦးကိုတော့ ဆေးရုံအုပ်ကြီးက လိုရမယ်ရ ဧပြီလ ၁၀ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ ၂ ပတ်တာကာလ Home Quarantine လုပ်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ရေဦးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြင့်ထွေးက ကလေးရဲ့ အဖြေကတော့ ဒီနေ့ညပိုင်း သိရမယ်လို့ ယူဆရတာပေါ့။ တကယ်လို့ ကိုဗစ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဒုက္ခရောက်မှာစိုးလို့ ဆရာဝန်ကြီးက ကွာရင်တင်း နေခိုင်းတဲ့ သဘောပါ။ လိုရမယ်ရပေါ့။ လက်ရှိ ရေဦးမြို့ရဲ့ အနေအထားကတော့ ပုံမှန်ပါပဲ။ သိပ်ပြီးထူးခြားတာ မရှိပါဘူး။ ဒီနေ့ဆို ရပ်ကွက် ၂ ရပ်ကွက် ထောက်ပံ့ပစ္စည်းတွေ ပေးခဲ့တယ်။ ထူးခြားတာ မရှိပါဘူး။ ကောင်းပါတယ်။ အခုလို လုပ်တာကလည်း ဆေးရုံရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာပါလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီးအပါအဝင် သက်ဆိုင်သူတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားပေးတာ မရှိပါဘူး။ 

ဌာနတွင်း ထုတ်ပြန်တဲ့ အမိန့်စာမှာတော့ COVID-19 သံသယနဲ့ သေဆုံးသွားခဲ့တဲ့ ကလေးငယ်ကို ထိတွေ့ကုသပေးခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ယောက်ကို ဧပြီ ၁၀ ရက်နေ့ကနေ စတင်ကာ ဓာတ်ခွဲနမူနာအဖြေရတဲ့အထိ သို့မဟုတ် ဓာတ်ခွဲနမူနာအဖြေ သိရှိပြီးပါက ဧပြီလ ၂၄ ရက်နေ့ထိ Home Quarantine စောင့်ကြည့်လူနာအဖြစ် ထားမှာဖြစ်လို့ ဒီကာလအတွင်း ဆေးရုံတာဝန်မှ ယာယီအနားပေးလိုက်တယ်လို့ အမည်တွေနဲ့တကွ ဖော်ပြပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး COVID-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ လတ်တလော ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ သံသယလူနာ ၃၃ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013