DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာများကို ထိတွေ့ခဲ့သူ ၁၄၀၀ ကျော်နှင့် ပြည်တွင်းကူးစက်ခံ ၁၁ ဦးရှိ
DVB
·
April 11, 2020
ကိုဗစ်-၁၉ လူနာများကို ထိတွေ့ခဲ့သူ ၁၄၀၀ ကျော်နှင့် ပြည်တွင်းကူးစက်ခံ ၁၁ ဦးရှိ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ဖူးသူပေါင်း ၁၄၀၀ ကျော် ဖော်ထုတ်ထားနိုင်ပြီး ပြည်တွင်းမှာ ကူးစက်ခံရတာ ၁၁ ယောက်ရှိတယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိ အတည်ပြုလူနာတွေထဲမှာ မြန်မာနိုင်ငံသား ၂၄ ယောက်၊ ပြင်သစ် ၃ ယောက်နဲ့ ဆွစ်ဇာလန် နိုင်ငံသား ၁ ယောက်ရှိပြီး မြန်မာနိုင်ငံသား ၁၁ ယောက်က ပြည်တွင်းမှာပဲ ကူးစက်ခံခဲ့ရတာပါ။

ဒီထဲက အတည်ပြုလူနာပေါင်း ၂၄ ယောက်နဲ့ ထိတွေ့ခဲ့သူပေါင်းဟာ ဧပြီ ၁၀ ရက်အထိ ရတဲ့စာရင်းအရ ၁၄၁၃ ယောက်ရှိပြီး လူနာအမှတ် ၈ နဲ့ ထိတွေ့ခဲ့သူက ၄၂၁ ယောက်ရှိလို့ အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရတဲ့အချက်အလက်အလက်တွေအရ သူနဲ့ ထိတွေ့ခဲ့သူ ၃၈၁ ယောက် ရှိတာကြောင့် အခု အယောက် ၄၀ ထပ်တိုးလာတာပါ။

သူ့ဆီကတဆင့်ကူးစက်ခဲ့သူ လူနာအမှတ် ၁၂ အပါအဝင် ၁၁ နဲ့ ၁၃ တို့ဟာ နောက်ထပ်လူပေါင်း ၁၅၂ ယောက်နဲ့ ထိတွေ့ခဲ့ပါတယ်။

ပုဂ္ဂလိက ဆေးခန်းတခုမှာလုပ်သူ လူနာအမှတ် ၁၅ ဟာ နောက်ထပ်လူပေါင်း ၄၈ ယောက်နဲ့ ထိတွေ့ခဲ့ပြီး သူ့ဆီကကူးပြီး အခုတော့သေဆုံးသွားပြီဖြစ်တဲ့ မိသားစုဝင်ဖြစ်သူ လူနာအမှတ် ၁၇ ကတော့ နောက်ထပ်လူပေါင်း ၉၃ ယောက်နဲ့ ထိတွေ့ခဲ့ပါတယ်။

ထိတွေ့ခဲ့သူ ၁၄၀၀ ကျော်လုံးကို ကန့်သတ်စောင့်ကြပ်ကြည့်ရှုနိုင်ခဲ့လား ဆိုတာကိုတော့ ကျန်းမာရေးရဲ့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

အတည်ပြုလူနာတွေရဲ့ ၆၄ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာတွေပြခဲ့ကြပြီး ၃၆ ရာခိုင်နှုန်းကတော့ လက္ခဏာမပြခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ 

ကျန်းမာရေးဌာနသတ်မှတ်ချက်တွေအရ လူနာနဲ့ ကူးစက်ခံရနိုင်ခြေများတဲ့ ထိတွေ့တယ်ဆိုတာဟာ သံသယလူနာ ဒါမှမဟုတ် အတည်ပြုလူနာမှာ ရောဂါလက္ခဏာတွေ မပေါ်ခင် ၂ ရက်ကနေ လက္ခဏတွေပေါ်ပြီး ၁၄ ရက်အတွင်း ၃ ပေဝန်းကျင် အကွာအဝေးကနေ မျက်နှာချင်းဆိုင် ၁၅ မိနစ်လောက် စကားပြောခဲ့တာ၊ သံသယလူနာ ဒါမှမဟုတ် အတည်ပြုလူနာနဲ့ ခန္ဓာကိုယ်ချင်းထိတွေ့ခဲ့တာ၊ သံသယလူနာ ဒါမှမဟုတ် အတည်ပြုလူနာ ချောင်းဆိုး၊ နှာချေတာတို့ကို အကာအကွယ်ဝတ်စုံမပါဘဲ ထိတွေ့ခဲ့တာ၊ ပိတ်ထားတဲ့အခန်းထဲမှာ နီးနီးစပ်စပ်တွေ့ခဲ့တာ၊ လေယာဉ်မှာ တခုံတည်းထိုင်ခဲ့တာနဲ့ အတည်ပြုလူနာကို ကုသပေးသူတွေ၊ ဓာတ်ခွဲခန်းမှာ လုပ်ကိုင်သူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်နေ ဧပြီ ၄ ရက်အထိ သံသယရှိသူပေါင်း ၉၈၆ ယောက်ကို ဓာတ်ခွဲ စစ်ဆေးခဲ့ပြီး ၂၈ ယောက်မှာတော့ ပိုးတွေ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကာလမှာပဲ တနိုင်ငံလုံးက ဟိုတယ်တွေနဲ့ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုခဲ့သူပေါင်း ၇၄၁၀၈ ယောက်  ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂ သောင်းကျော်၊ မကွေးတိုင်းမှာ ၁၃၀၀၀ ကျော်နဲ့ အများဆုံး စောင့်ကြပ်ကြည့်ရှုခဲ့တာပါ။

ဓာတ်ခွဲစစ်ဆေးတာမှာတော့ ရန်ကုန်က ၄၀၆ ယောက်ကို စစ်ဆေးခဲ့ပြီး မန္တလေးက ၁၁၂ ယောက် နဲ့ အများဆုံး စစ်ဆေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013