
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အနောက်ခြမ်းမှာ လေပြင်းတိုက်ခတ်တာကြောင့် စစ်ဘေးရှောင် တွေ နေထိုင်တဲ့ တဲအလုံး ၁၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မတ် ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခတ်ပြီး မိုးရွာခဲ့တဲ့အတွက် စစ်ဘေးရှောင် တွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့တာပါ။
စစ်ရှောင်တဲအများစုဟာ ယာယီတဲအဖြစ် ဝါးတွေနဲ့ တည်ဆောက်ထားရတဲ့အတွက် လေကြမ်းတဲ့ အခါ ခံနိုင်ရည်မရှိဘဲ ပြိုကျကုန်တာလို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က “ပြိုသွားတဲ့ တဲအများစုမှာနေတဲ့ စစ်ရှောင်တွေ က စားဝတ်နေရေးတောင် မနည်းလုပ်နေရတာ၊ ဖြစ်သလို ဆောက်ထားရတဲ့တဲတွေ ဖြစ်တဲ့အတွက် ပြိုကျတယ်ပေါ့။ တချို့ကျ လေပြင်းတိုက်လို့ အမိုးတွေပါလန်ပြီး တဲတွေပါ လဲသွားတဲ့အထိ ဖြစ်သွားတာ။ လေတိုက်ပြီးတော့ ညပိုင်းကျတော့ မိုးသက်လေတွေပါ ကျတာပေါ့။ မိုးတွေပါ ရွာတော့ နေစရာမရှိတော့ တညလုံး မအိပ်ရတာတွေ ဖြစ်ကုန်တာပေါ့။ ရှိတဲ့ပစ္စည်းတွေလည်း အကုန် ရေစိုပြီး ပျက်စီးကုန်တာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တဲတွေ ပြိုကုန်တဲ့အတွက် စစ်ဘေးရှောင် မိသားစု ၁၀၀ ကျော်လောက် နေစရာ မရှိတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
လေပြင်းကြောင့် ပြိုသွားတဲ့တဲတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ စတင်ခဲ့တဲ့ ကောလင်းမြို့သိမ်းတိုက်ပွဲကြောင့် ကောလင်းမြို့ပေါ်ကနေ တိမ်းရှောင် လာရတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ကြပါတယ်။










