
မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအသစ် ၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၂၈ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၀ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
အသစ်တွေ့ရှိတဲ့ အတည်ပြုလူနာ အမှတ် ၂၈ ဟာ အရင်လူနာ အမှတ် ၈ ဧည့်လမ်းညွှန်အမျိုးသမီးနဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့တဲ့ ဗဟန်းမြို့နယ်နေ မိသားစုဝင် အသက် ၆၃ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။
သူ့ကို နေအိမ်မှာ အသွားအလာကန့်သတ်ထားရာကနေ လည်ချောင်းနာ၊ ချောင်းဆိုး၊ဖျားခြင်း ရောဂါလက္ခဏာတွေ တွေ့ရှိလို့ ဓာတ်ခွဲစစ်ဆေးပြီး ပိုးတွေ့အတည်ပြုခဲ့တာပါ။
အဆိုပါလူနာမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါအခံရှိပြီး ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင်ကာ အထူးကြပ်မတ်ကုသမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ သီးခြားထားရှိ ကုသမှုခံယူနေတဲ့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေကတော့ တီးတိန်ပြည်သူ့ဆေးရုံမှာ ၂ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လူနာ ၁၄ ဦး၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ၁ ဦး၊ မြောက်ဥက္ကလာပဆေးရုံကြီးကနေ ဝေဘာဂီအထူးကုဆေးရုံကြီးကို လွှဲပြောင်းတဲ့ လူနာ ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဝေဘာဂီအထူးကုဆေးရုံကြီးကို လွှဲပြောင်းတဲ့ လူနာ ၂ ဦး၊ ကျိုက်မရောပြည်သူ့ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းတဲ့ လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးကို လွှဲပြောင်းဖို့ စီစဉ်နေတဲ့ လူနာ ၁ ဦး၊ စုစုပေါင်း ၂၂ ဦး တို့ဖြစ်ပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။
ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ ၁ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၈ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂ ဦး ရှိနေပါတယ်။










