DVB Logo
Home
မြန်မာသတင်း
COVID-19 အကူအညီအဖြစ် အာဆီယံတွင် မြန်မာကို အမေရိကန်က ဒုတိယအများဆုံး ပေးအပ် 
DVB
·
April 9, 2020
COVID-19 အကူအညီအဖြစ် အာဆီယံတွင် မြန်မာကို အမေရိကန်က ဒုတိယအများဆုံး ပေးအပ် 
Donate to DVB

COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို အမေရိကန်က ဒေါ်လာ ၃ ဒသမ ၈  သန်းလောက်ထောက်ပံ့ဖို့ရှိပြီး ဒါဟာ အာဆီယံနိုင်ငံတွေထဲမှာ ဒုတိယအများဆုံး ပေးတာဖြစ်ပါတယ်။

မတ် ၂၆ ရက် အထိ အမေရိကန်ပြည်ထောင်စုဟာ အာဆီယံနိုင်ငံတွေကို ကနဦးအနေနဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီ ဒေါ်လာ ၁၈ ဒသမ ၃ သန်း ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ပါတယ်။ 

အခု အရေးပေါ်အကူအညီဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်က ပေးအပ်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးအကူအညီ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအပြင် အပိုထပ်ဆောင်း အကူအညီ ဖြစ်ပါတယ်။

ရေနဲ့ သန့်ရှင်းမှုအကူအညီ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စီမံရေး၊ ဖြစ်ပွား မှုအခြေခံစောင့်ကြည့်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေး စတာတို့အတွက် ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၃ ဒသမ ၈ သန်းလောက် ပေးမယ်လို့ ဆိုပါတယ်။ 

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC ဟာ မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ဆိုင်ရာ နိုင်ငံတဝန်း အွန်လိုင်းကနေ လမ်းညွှန်ချက်ပေးတဲ့ လုပ်ငန်း စတင်နိုင်ဖို့ ကူညီခဲ့ပြီး မြန်မာ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနဲ့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းတို့ကို ကူးစက်ရောဂါ ထိန်းချုပ်ရေးပညာ၊ စောင့်ကြည့်တာနဲ့ ဓာတ်ခွဲခန်းက ရောဂါဖော်ထုတ်ခြင်းဆိုင်ရာ နည်းပညာအကူအညီတွေ ပေးအပ်နေတယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံတွေမှာ အများဆုံးထောက်ပံ့တာကတော့ ဖိလစ်ပိုင်နိုင်ငံကို ဖြစ်ပြီး ဒေါ်လာ ၄ သန်းလောက်ထောက်ပံ့မှာ ဖြစ်ပါတယ်။

နိုင်ငံအလိုက်ဆိုရင် ဘရူနိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို အသက်ရှူစက်တွေနဲ့ တကိုယ်ရည် အကာအကွယ်ပစ္စည်းတွေ (PPE) ကို ပြည်တွင်းလိုအပ်ချက်တွေ ပြည့်ပြီးရင် ပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကုမ္ပဏီတွေကို အကြောင်းကြားထားပါတယ်။

ကမ္ဘောဒီးယားအစိုးရရဲ့ ဓာတ်ခွဲခန်းစနစ် ပြင်ဆင်ရေး၊ ရောဂါဖြစ်ပွားသူ ရှာဖွေရေး၊ ဖြစ်ပွားမှုအလိုက် စောင့်ကြည့်ရေးစနစ် အသက်သွင်းရေး၊ တုံ့ပြန်မှုနဲ့ကြိုတင်ပြင်ဆင်ဖို့အတွက် နည်းပညာကျွမ်း ကျင်သူတွေ ပံ့ပိုးတာ စတာတို့အတွက် ကျန်းမာရေး အကူအညီဒေါ်လာ ၂ သန်းလောက်ပေးမှာဖြစ်ပြီး အင်ဒိုနီးရှားကိုတော့ ဒေါ်လာ ၂ ဒသမ ၃ သန်းလောက် ပေးမှာ ဖြစ်ပါတယ်။

လာအိုနိုင်ငံကို ဒေါ်လာ ၂ သန်းလောက်ထောက်ပံ့မှာဖြစ်ပြီး အမေရိကန်ကျန်းမာရေးဌာန CDC က ပညာရှင် ၆ ယောက်ဟာ လာအိုကိုသွားပြီး ကူးစက်ရောဂါ ထိန်းချုပ်ရေးပညာ၊ စောင့်ကြည့်တာနဲ့ ဓာတ်ခွဲခန်းသင်တန်းတွေ ကူညီခဲ့ပါတယ်။

ပြီးတော့ ထိုင်းနိုင်ငံကို ဒေါ်လာ ၁ ဒသမ ၂ သန်းလောက်၊ ဗီယက်နမ်နိုင်ငံကို ဒေါ်လာ ၃ သန်းလောက် ထောက်ပံ့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013