
COVID-19 ဂယက်ကြောင့် မြန်မာအထည်ချုပ်လုပ်သား ၂၅၀၀၀ ကျော် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး အဲဒီလုပ်သားတွေကို ဥရောပသမဂ္ဂ( အီးယူ) က အရေးပေါ် ငွေသားရန်ပုံငွေ ယူရိုငါးသန်း (ကျပ်ငွေ ၇ ဒသမ ၉ဘီလီယံ) ကို ပံ့ပိုးပေးသွားမယ်လို့ ဧပြီ ၉ ရက် မနက်ပိုင်းကပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ကြေညာပါတယ်။
အရေးပေါ်ရန်ပုံငွေကို “မြန်ကူ” အမည်နဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်သားတွေဆီကို Wave Money ရဲ့ အကူအညီနဲ့ တိုက်ရိုက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ဂယက်ကြောင့် မတ်လအတွင်းမှာ အထည်ချုပ်စက်ရုံပေါင်း ၄၀ ကျော်က လုပ်သားပေါင်း ၂၅၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေပါတယ်။
ခန့်မှန်းခြေ အမျိုးသမီးလုပ်သားပေါင်း ၇ သိန်းကျော်နဲ့ လုပ်ငန်းလည်ပတ် နေတဲ့ အထည်ချုပ်လုပ်ငန်းမှာ လုပ်သား ၃ သိန်းခွဲလောက်ဟာ လတ်တလောမှာ လစာမဲ့ ဆိုင်းငံ့ခံထားရ တယ်လို့ အီးယူက ထုတ်ပြန်ပါတယ်။
အဲဒီအထဲက အီးယူရဲ့ပံ့ပိုးကူညီမှုရမယ့်သူတွေကို အလုပ်သမားသမဂ္ဂတွေ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့ ရွေးချယ်သွားမယ်လို့ အီးယူက ဆိုပါတယ်။
COVID-19 အခက်အခဲဟာ ကုန်ကြမ်းပစ္စည်းပြတ်တာ၊ ကမ္ဘာတစ်ဝန်း တင်ပို့မှုတွေကို ဆိုင်းငံလိုက်ရတာနဲ့ အထည်ချုပ်လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်နိုင်တဲ့ အခြေအနေတွေနဲ့ နိုင်ငံတကာအထည်ချုပ်လုပ်ငန်းတွေ ရဲ့လုပ်ငန်းလည်ပတ်တာကို အတားအဆီးဖြစ်ခဲ့ပါတယ်။
အီးယူက အရေးပေါ်ငွေသားရန်ပုံငွေ ယူရိုငါးသန်းကို United Nations Office for Project Service (UNOPS) ဆီကနေ တဆင့်ရယူထားတာဖြစ်ပါတယ်။










