
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ စက်မှုလယ်ယာရုံးရှေ့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် ၉၉ အနီးမှာ ဧပြီ ၈ ရက်ညနေက ယာဉ်နှစ်စီးတိုက်ခဲ့လို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
မန္တလေးကနေရန်ကုန်ကို ညောင်လေးပင်မြို့နေ စိုးမိုးထက် မောင်းနှင်ပြီး စုစုငြိမ်း လိုက်ပါလာတဲ့ သုံးဘီးယာဉ်ဟာ တဖက်ယာဉ်ကြောကို ရောက်ရှိပြီး စစ်ကိုင်းမြို့နေ မျိုးမင်းဇော် မောင်းနှင်ပြီး ကောလင်းမြို့နေ ဇင်ကိုလင်း လိုက်ပါလာတဲ့ NISSAN DIESEL အမျိုးအစားဆီဘောက်ဆာယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် စိုးမိုးထက် ၂၈ နှစ်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး မစုစုငြိမ်းကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့လို့ ပြည်သူ့ဆေးရုံးကို အတွင်းလူနာအဖြစ် ပို့ဆောင်ပေးခဲ့တယ်လို့ ဒုရဲမှူးဌေးဝင်း ( မြို့မစခန်းမှူး) ကပြောပါတယ်။
"အမျိုးသမီးလူနာရဲ့အခြေအနေက စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ခုချိန်ထိ ထူးခြားမှုမရှိသေးပါဘူး"လို့ ဒုရဲမှူးဌေးဝင်းက ပြောပါတယ်။
ဆီဘောက်ဆာယာဉ်မောင်းနဲ့ နောက်လိုက်တို့ကတော့ ထိခိုက် ဒဏ်ရာမရဘဲ ယာဉ်တိုက်မှုကြောင့် ၂၂ သိန်းကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ၃ ဘီးယာဉ်မောင်း စိုးမိုးထက် (သေဆုံး) ကို ညောင်လေးပင် မြို့မစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄-က နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း၊ဓါတ်ပုံ
နေလင်းထိုက်










