DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားထောင်တွင်း ပိတ်လှောင်ခံရသည့် အကျဉ်းသား ဒါဇင်ချီသေဆုံး
DVB
·
September 23, 2026
Photo: REUTERS/Ibrahim Ndamitso
Photo: REUTERS/Ibrahim Ndamitso
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံက အကျဉ်းသားတွေ ပြည့်ကျပ်နေတဲ့ အခန်း တခုထဲကို အမည်မသိ ဓာတုပစ္စည်း တမျိုးကို လုံခြုံရေးဝန်ထမ်းတွေက ဖြန်းပက်ခဲ့ပြီးတဲ့နောက် အကူအညီတောင်းတဲ့အသံတွေကို လျစ်လျူရှုရင်း တံခါးတွေကို ပိတ်လှောင်ထားခဲ့လို့ အကျဉ်းသား ဒါဇင်ချီ သေဆုံးခဲ့ရတယ်လို့ အသက်ရှင်ကျန်ရစ်သူ ၃ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရိုးရာနည်းလမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ဆယ်ကျော်သက်တွေ အပါအဝင် လူပေါင်း ၃၇ ယောက် သေဆုံးခဲ့ရလို့ နိုင်ဂျီးရီးယားနိုင်ငံမှာ ဆန္ဒပြပွဲ တွေ ပေါ်ပေါက်ခဲ့ပြီး၊ ထိန်းသိမ်းရေးစခန်းတွေရဲ့ အခြေအနေတွေနဲ့ တရားရုံးတင်ပြီး မစစ်ဆေးမီ ကာလရှည်ကြာ ထိန်းသိမ်းခံထားရလေ့ရှိတဲ့ သံသယရှိသူတွေအပေါ် လုံခြုံရေးအေဂျင်စီတွေက ဆက်ဆံပုံနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုအသစ်တွေလည်း ပေါ်ပေါက်လာစေခဲ့ပါတယ်။

နိုင်ဂျီးရီးယား လုံခြုံရေးနဲ့ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (NSCDC)က တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်းနေရာတွေလို့ သံသယရှိသတဲ့ နေရာတွေကို ဝင်စီးနင်းခဲ့ပြီး နိုက်ဂျာ ပြည်နယ် မြို့တော် မင်းနာမှာ ရွှေတူးဖော်သူ ဒါဇင်ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

ဒါဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို စည်းကမ်းတကျဖြစ်အောင် ကြိုးပမ်းချက် တစိတ်တပိုင်း ပါ။ 

သမ္မတ ဘိုလာ အာမဒ်တီနူဘူက သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထား ပါတယ်။ 

စုံစမ်းစစ်ဆေးမှုရလဒ် မထွက်မီ ကာလအတွင်း အစိုးရအဖွဲ့က NSCDC က အဆင့်မြင့် အရာရှိ တချို့ကို ရာထူးကနေ ယာယီရပ်ဆိုင်းထားပါတယ်။

NSCDCအေဂျင်စီကို ကြီးကြပ်ကွပ်ကဲတဲ့ နိုင်ဂျီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုက်ဂျာ ပြည်နယ်အစိုးရတို့က ရိုက်တာသတင်းဌာနရဲ့ စာနဲ့ မေးမြန်းချက်တွေကို မတုံ့ပြန်ခဲ့ပါဘူး။

တာဝန်ရှိသူတွေက စက်တင်ဘာ ၁၇ ရက်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မီဒီယာတွေကို ပြခဲ့ပေမဲ့ သေဆုံးရတဲ့အကြောင်းရင်းကို အတည် မပြုနိုင်သေးပါဘူး။ 

ကြာသပတေးနေ့ မနက်ပိုင်းက သေဆုံးမှုတွေကို အတည်ပြုခဲ့ချိန်မှာ NSCDC က ရောဂါကူးစက် ပျံ့နှံ့မှုကြောင့် သေတာဖြစ်နိုင်တယ်လို့ ကနဦးပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သေဆုံးရတဲ့ အကြောင်းအရင်းကို အတည်မပြု နိုင်သေးဘဲ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက စက်တင်ဘာ ၁၇ ရက် ည ၈ နာရီလောက်က အချုပ်သား ၁၇ ယောက်လောက်ကို ၁၆ ပေ ပတ်လည်လောက်ရှိပြီး ပြတင်း ပေါက်အငယ် တခုသာပါတဲ့ အခန်းတခုထဲမှာ ပိတ်လှောင်ထားခဲ့ပါတယ်။ 

ထိန်းသိမ်းခံထားရတဲ့ ရွှေတူးဖော်သူ နောက်ထပ် အယောက် ၅၀ လောက်ကိုလည်း ဒီအခန်းထဲ ထပ်ရွှေ့ဖို့ခေါ်လာပြီးတဲ့နောက် သူတို့ တယောက်ပြီး တယောက် သေဆုံးကုန်ကြတယ်"လို့ အဖြစ်ဆိုးကနေ လွတ်မြောက်လာပြီး အိမ်မှာ ပြန်သက်သာ လာတဲ့ အစ်ဆာကနဲ့ တခြားလွတ်မြောက်လာသူ ဒါအူဒါ ရှန်းဟူတို့က ပြောပါတယ်။

ထိန်းသိမ်းခံထားရသူတွေက အကူအညီတောင်းပြီး တံခါးကို ထုရိုက်နေကြချိန်မှာ ဖြစ်ခဲ့တဲ့ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေတွေကို ပြော ပြခဲ့ကြပါတယ်။ 

သေဆုံးသူတချို့က မူးဝေ ဝေဝါးပြီး စိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ပုံတွေ ပြပြီးတဲ့နောက် လဲကျ သေဆုံးသွားခဲ့ကြတယ်လို့ အစ်ဆာက ပြောပါတယ်။ 

သူတို့ရဲ့ အပြောကို သီးခြားလွတ်လွတ်လပ်လပ် အတည် မပြုနိုင်သလို၊ အကျဉ်းခန်းတွေထဲမှာ ဘာတွေကို ဖြန်းပက်ခဲ့သလဲ ဒါမှမဟုတ် ဘာအတွက်ကြောင့် ခုလိုလုပ်ခဲ့တာလဲ ဆိုတာကိုလည်း အတည်မပြုနိုင်ခဲ့ပါဘူး။ 

ဒီဖြစ်ရပ်အပေါ် မကျေမနပ်ဖြစ်နေလို့  စက်တင်ဘာ ၁၈ ရက်မှာ ပဋိပက္ခတွေအတွင်း လူတယောက် သေဆုံးခဲ့ပါတယ်။ နိုက်ဂျာပြည်နယ်အာဏာပိုင်တွေက ၂၄ နာရီကြာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရ ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013