
ရခိုင်ပြည်နယ်ကနေ အိန္ဒိယနယ်စပ်နဲ့ ပြည်မဘက်ကို သွားလာနေတဲ့ ကုန်သည်တွေနဲ့ လူငယ်တွေကို အာရက္ခတပ်တော် (AA) က ပလက်ဝမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်။
AA ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာ သင်္ကြန်အပြီး ဧပြီ ၂၁ ရက်ကစလို့ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယ နယ်စပ်၊ မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ပလက်ဝလမ်းကြောင်းပေါ်က စစ်ဆေးရေး ဂိတ်တွေမှာ ဖမ်းဆီးမှုတွေ ခပ်စိတ်စိတ်ဖြစ်နေပြီး ခရီးသွားလာခွင့် ထောက်ခံစာတွေ ပါရှိပေမဲ့ အဖမ်းခံနေရတာကြောင့် ဒေသတွင်းမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ရခိုင်လူငယ်တယောက်က “ရခိုင် အိန္ဒိယဘက်သွားတဲ့ ဂိတ်တွေနဲ့ ရခိုင် မကွေးဘက်ကိုသွားတဲ့ ဂိတ်တွေမှာ ဖမ်းဆီးနေတာပါ။ တဂိတ်မှာ ၃၀ အောက်၊ နောက်တဂိတ်မှာ ၃၅ နှစ်အာက် အဲဒီ လိုမျိုးတွေ ဖမ်းလိုက်တော့ အကုန်လုံးပါသွားကြတာပါ။ ကုန်သည်တွေ၊ ကားသမားတွေပါ ခရီးသည် တွေပါ အကုန်လုံးပါသွားတာပါ။ ခုလိုမျိုး လမ်းမှာ ဖမ်းဆီးလိုက်တော့ စားဝတ်နေရေးအတွက် လုပ်နေတဲ့သူတွေလည်း ပါတယ်၊ ကလေးရှိတဲ့သူတွေလည်း ပါသွားတယ်လေ။ ဒါကြောင့် မိသားစု တွေက ပိုပြီးစိတ်ပူရတာပေါ့။ ခုဖမ်းဆီးထားတဲ့အထဲမှာ မိန်းကလေးငယ်တွေလည်း ပါပါတယ်။ ခု အသက်ကြီးပိုင်းတွေကတော့ ပြန်လွတ်လာတယ်လို့ ကြားမိပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ၄၀၀ ကနေ ၈၀၀ ကြား ရှိနေပြီလို့ ဒေသတွင်း သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး AA ဘက်ကတော ၂၀၂၅ ခုနှစ်၊ မေလက ထုတ်ပြန်ထားတဲ့ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အသက် ၁၈ နှစ်ကနေ ၄၅ နှစ် အတွင်း လူငယ်တွေကို ရခိုင်ပြည်ပြင်ပ ထွက်ခွာခွင့် တားမြစ်ထားတာလို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ဘက်က လမ်းကြောင်းအားလုံး ပိတ်ဆို့ထားချိန်မှာ ဒီပလက်ဝလမ်းကြောင်း ဟာ ရခိုင်ပြည်ရဲ့ တခုတည်းသော အသက်သွေးကြော ဖြစ်နေပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဆီက ခရီးသွားလာခွင့် ထောက်ခံစာ အပြည့်အစုံ ယူဆောင်လာသူတွေကိုပါ ဂိတ်တွေမှာ ဖမ်းဆီးနေတာကြောင့် လူငယ်တွေနဲ့ ကုန်သည်တွေကြားမှာ ဝေဖန်မှုနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ရခိုင်ကုန်သည်တယောက်က “အမှန်တကယ် ၃၅ နှစ်အောက်တွေ မသွားရဘူးဆိုရင် ထောက်ခံစာ တွေ မပေးနဲ့လေ။ ခုက ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ မြို့နယ်အုပ်ချုပ်ရေး ထောက်ခံစာ ယူရတယ်။ ပြီးမှ လမ်းမှာ ဖမ်းတာလေ၊ အဲဒါတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ ရပ်ကွက်ထဲမှာ ပြောပြသင့်တယ်လေ ထောက်ခံစာယူကတည်းက၊ စစ်မှုထမ်းနဲ့ ဖမ်းခေါ်ဖို့ရှိရင် ရှိတယ်ပေါ့။ အဲဒီလိုဆို အစကတည်းက ထောက်ခံစာမပေးနဲ့လေ။ ခုက ထောက်ခံစာလည်း ပေးပြီးမှ ဖမ်းတယ်ဆိုတာကြီးကတော့ သိပ်မဟုတ်ဘူးလေ။ ခု သွားနေတဲ့ ကုန်သည်တွေမှာ လူငယ် တွေ တော်တော်များပါတယ်။ ခု သွားခွင့်မရှိဘူးဆိုတော့ ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက် လာတော့မှာပေါ့။ ကုန်စည်ပြတ်လပ်မှုတွေလည်း ရှိလာနိုင်တယ်။ ဒီအတိုင်းသာ ရေရှည် ဆက်သွားရင် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးက ပိုကျပ်သွားမှာပေါ့” လို့ ပြောပါတယ်။
ရခိုင်လူငယ်တွေဟာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ပြည်မဘက်ကို နည်းလမ်းမျိုးစုံနဲ့ ခိုးထွက်နေကြရတာပါ။
ဒီလိုခိုးထွက်ရာမှာ AA ရဲ့ ဖမ်းဆီးမှုကို ကြုံရသလို စစ်တပ်ဂိတ်တွေမှာ ဖမ်းဆီးခံရရင်လည်း အဓမ္မ စစ်မှုထမ်းခိုင်းတာတွေကို ရင်ဆိုင်နေရပါတယ်။ အခုလို ကုန်လမ်းကြောင်းတွေကို AA က ပိတ်လိုက် တာကြောင့် မိုးရာသီမှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး အငတ်ဘေးဆိုက်မှာကို ဒေသခံတွေက သတိပေးနေပါတယ်။
ရခိုင်ကုန်သည်တယောက်က “အခုသွားနေတဲ့ လမ်းကြောင်းတွေ ဆိုတာက အသက်ကြီးပိုင်းတွေ မောင်းလို့ရတဲ့လမ်းမျိုး မဟုတ်ဘူး။ တောင်ကြောတွေပေါ်မှာ ဘတ်ဖိုးနဲ့ ထိုးထားတဲ့ လမ်းကြမ်း။ တကယ်ကို ကြမ်းတမ်းပြီး အန္တရာယ်များတဲ့ နေရာတွေပါ။ ဒီ အန္တရာယ်များတဲ့ လမ်းကြောင်းကနေ မောင်းနေရတာ ဖြစ်တဲ့အတွက် အသက်အရွယ်ကောင်းတဲ့သူတွေပဲ လုပ်လို့ရတဲ့အလုပ် ဖြစ်နေတယ်။ အခုလို လမ်းကြောင်းတွေကို ကူညီပေးရမဲ့အစား လူငယ်တွေကို လိုက်ဖမ်းနေတာဟာ ကုန်သည်တွေကိုတင် မဟုတ်ဘဲ ပြည်သူတွေကိုပါ တမင်နှိပ်စက်တာနဲ့ တူနေပါတယ်။ အုပ်ချုပ်တဲ့ သူဆိုတာ ပြည်သူကို ဘယ်လိုဝန်ဆောင်မှုပေးမလဲ၊ ဘယ်လိုတာဝန်ယူပေးမလဲ ဆိုတာ စဉ်းစားရမဲ့ အပိုင်း။ ကိုယ့်ဘာသာကိုယ် စည်းကမ်းသတ်မှတ်ပြီး အဲဒီစည်းကမ်းကို ကိုယ်တိုင် ပြန်ဖောက်ဖျက် ပြီး ဖမ်းဆီးနေတာဟာ ပြည်သူကို သစ္စာဖောက်တာပဲ။ ဒါဟာ လုံးဝ မလုပ်သင့်တဲ့အရာ ဖြစ်သလို အခုဆိုရင် ပြည်သူတွေဟာ တကယ်ကို အားကိုးရာမဲ့ ဖြစ်နေပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ကျန်းမာရေးမကောင်းသူနဲ့ အသက်ကြီးသူတချို့ကို ပြန်လွှတ်ပေးတာမျိုး ရှိပေမဲ့ ဖမ်းဆီး ခံထားရတဲ့ လူငယ်အများစုကတော့ မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကေခိုင်










