DVB Logo
Home
Lead Story
အိမ်တွင် နှစ်ပတ် ဖြတ်သန်းကြပါ
DVB
·
April 6, 2020
အိမ်တွင် နှစ်ပတ် ဖြတ်သန်းကြပါ
Donate to DVB

အွန်လိုင်းပေါ်တွင် တွေ့မြင်ရသည့် ဗွီဒီယိုဖိုင်များက COVID-19 ရောဂါကြောင့် ညစ်နေသောစိတ်ကို အပန်းပြေစေသည်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့က ထိုင်းပြန်မြန်မာ အလုပ်သမားများ ထားရှိရာ နေရာတခုတွင် သီချင်းဖွင့်ပြီး ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေကြပုံ၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်က quarantine လုပ်ထားသည့် အိမ်ရာတခုတွင် ဆေးတက္ကသိုလ်ကျောင်းသားများက သီချင်းဆိုပြ၊ ကပြကြပြီး နှစ်သိမ့်ပေးနေကြပုံ ဗွီဒီယိုဖိုင်များ ဖြစ်သည်။

COVID-19 ရောဂါ အခြေအနေက မြန်မာနိုင်ငံတွင် ဧပြီလဆန်းနှစ်ပတ်တာကာလက အဆုံးအဖြတ်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောထားသည်။ နိုင်ငံခြားက ပြန်လာသူများ နိုင်ငံနေရာအနှံ့ ရောက်သွားခြင်းကြောင့် ဧပြီလဆန်းနှစ်ပတ်က အဆုံးအဖြတ်ပေးလာခြင်းပင်။

အစိုးရက ယင်းနှစ်ပတ်အတွက် ကြိုတင်ပြင်ဆင်သည့် သတင်းများ ယခုရက်ပိုင်းတွင် ဆက်တိုက်ထွက်ပေါ်လာသည်။ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၀ ရက်မှ ၁၉ ရက်အတွင်း နေအိမ်ပြင်ပသို့ မထွက်ဘဲ အိမ်တွင်သာ နေထိုင်ကြရန် (Home Stay) ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်သည်။

COVID-19 ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများမှလွဲ၍ ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက် ဝယ်ရန်အတွက် မဖြစ်မနေ အပြင်သို့ထွက်ရမည် ဆိုပါက မိသားစုဝင်များအနက် တစ်ဦးကိုသာ ရွေးချယ်စေလွှတ်ပြီး လူစုလူဝေး လျှော့ချလိုသည့် ယခုအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် ရန်ကုန်တိုင်း COVID-19  ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ မေတ္တာရပ်ခံစာတွင် ဖော်ပြသည်။ ထိုကိစ္စရပ်များမှလွဲ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာခြင်း မပြုလုပ်ရန်လည်း ပါရှိသည်။

မန္တလေးမြို့၏ ဧပြီ ၄ ရက်ထုတ် တားမြစ်မိန့်က အတော်လေး တင်းကျပ်ကန့်သတ်လိုက်သည်ကို တွေ့ရသည်။ ဧပြီ ၆ ရက် ညသန်းခေါင်ယံကစပြီး ဧပြီ ၂၁ ရက် ညသန်းခေါင်ယံအထိ နှစ်ပတ်ကျော်ကြာ ခရီးသွားခွင့်မပြု။ ဟိုတယ်၊ မိုတယ်များ ပိတ်သိမ်း၊ တိုင်းအတွင်း ကားဂိတ်များ ပိတ်သိမ်းပြီး တိုင်းအတွင်း ခရီးသွားလာခွင့်မပြု။ ယခုပင်လျှင် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ ပိတ်သိမ်းကုန်ပြီဆိုသည့်သတင်းများ ကြားလာရပေပြီ။ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် သင်္ကြန်တွင်းကာလတွင်း ရေကစားခြင်း မလုပ်ကြဘဲ မိမိအိမ်တွင်သာ နေထိုင်ရင်း ဖြတ်သန်းကြရန် အစီအစဉ်များ ထုတ်ပြန်လာခြင်းပင် ဖြစ်သည်။ ပြောရလျှင် COVID-19 ပိုးခြိမ်းခြောက်ခံထားရသည့် အရေးကြီးသော ဧပြီနှစ်ပတ်ကို လူတိုင်းလူတိုင်း အိမ်တွင် နေထိုင်စေပြီး ရောဂါပိုးကို အနိုင်တိုက်ရန် ပြင်ဆင်ခြင်းပင် ဖြစ်သည်။

ထို့အပြင် ရောဂါပိုးဒဏ်ခံစားရမှု လျော့နည်းသက်သာစေရန် အစိုးရ ပြင်ဆင်လာတာ ရှိသေးသည်။ အစိုးရဝန်ထမ်းများ COVID-19 ကူးစက်ခံရပါက ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်၍ သင်္ကြန်ရုံးပိတ်ရက်အတွင်း ဝန်ထမ်းများအနေဖြင့် အရေးကြီးကိစ္စရပ်များမှအပ ခရီးသွားလာ ခြင်းမပြုရန် ဧပြီ ၄ ရက်တွင်  နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

သင်္ကြန်ရုံးပိတ်ရက်တွင် မိသားစုများရှိရာ နေရပ်သို့ပြန်ကြစဉ် လမ်းခရီးနှင့် နေရပ်သို့ ရောက်ရှိစဉ် ရောဂါပိုးကူးစက်ခံရသူများနှင့် ထိတွေ့၍ ကူးစက်ခံရနိုင်ပြီး ရုံးပြန်တက် တာဝန်ထမ်းဆောင်ချိန်တွင် အခြားဝန်ထမ်းများသို့ ကူးစက်ခံရပါက ဝန်ကြီးဌာနအဖွဲ့ အစည်းများ၏ ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည့်   အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွင်းရှိ ဝန်ထမ်းများကို ခရီးသွားလာခြင်းခွင့် မပြုရန် ညွှန်ကြားထားသည်။

ရက်ပေါင်း ၇၀၀ ကျော်ကြာ အာကာသထဲ နေထိုင်ခဲ့သူ အာကာသယာဉ်မှူးဟောင်းတဦးက အိမ်တွင်းအောင်း အပြင်မထွက်နိုင်ရင် ပြုလုပ်ဆောင်ရွက်သင့်သည်များကို အကြံပြုထားသည်များ ရှိသည်။ ကိုယ်လက်လှုပ်ရှားမှု တခုခု နေ့စဉ်လုပ်ပါ။ ဟာသက အသက်ရှည်စေတာကြောင့် အရာရာကို ဟာသအမြင်နှင့်ကြည့်ပါ။ ဟာသက အသက်ရှည်စေပြီး အထီးကျန်ချိန်ကို တိုစေပါသည်။

Quarantine လုပ်ထားချိန်တွင် အဆိုးတွေချည်း တွေးနေလျှင် ထောင်ကျနေသလို ခံစားရနိုင်သည်။ နှစ်နှင့်ချီပြီး မတွေ့မဆုံရသည့် ဆွေမျိုးသားချင်းများနှင့် ဆက်သွယ်ပြီး ဖုန်းပြောရန်လည်း သူက အကြံပြုထားသည်။ လာမည့် ဧပြီလဆန်း နှစ်ပတ်သည် မိမိ မိသားစု၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အင်မတန်အရေးကြီးသည့် ကာလတခုဖြစ်သဖြင့် လူတိုင်းလူတိုင်း အိမ်တွင် နေထိုင်ဖြတ်သန်းကြရန် တိုက်တွန်းအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013