
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြည်ပနိုင်ငံတွေကနေ အလုပ်လုပ်ပြီး ပြန်လာကြသူတွေကို သီတဂူ ဆေးရုံ၊ ကလေးမြို့ သူနာပြုနဲ့ သားဖွား သင်တန်းကျောင်းနဲ့ ကျောက်ဂူတောရကျောင်းတွေမှာ လက်ခံပြီး COVID-19 ရောဂါ ရှိ မရှိကို ၁၄ ရက်အကြာ အသွားအလာကန့်သတ် စောင့်ကြည့်ပါတယ်။
သတ်မှတ်ထားတဲ့ နေရာ ၂ နေရာမှာ စောင့်ကြည့်ခံနေရသူ ၂၀၀ ကျော်အထိရှိခဲ့ပြီး သူတို့ရဲ့ နေရေး စားရေးကိုလည်း သက်ဆိုင်ရာက ကူညီပေးထားသလို ညဘက်တွေမှာ The rock music နဲ့ One way music band က ကလေးဒေသခံ ဂီတပညာရှင် ဝါသနာရှင်တွေ ပူးပေါင်းပြီး အားပေးဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။
သွားရောက်ဖျော်ဖြေရာမှာ ပါဝင်တဲ့လူငယ် တစ်ဦးက “ ဘာလို့ဖျော်ဖြေလဲဆိုတော့ ဒီကပ်ဆိုးကြီးကို စိတ်ဓာတ်မကျပဲ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်။ သူတို့တွေ နေရာမှာ ကျနော်တို့ဆိုရင် အိမ်ကို စိတ်မချဖြစ်မှာ သေချာပါတယ်။ ဒါကြောင့် ခုလို နေပေးတဲ့ သူတို့တွေကို လေးစား တန်ဖိုးထားကြောင်း လာပြရတာရယ် စိတ်ဓာတ်မကျပဲ အားတင်းထားစေချင်တာရယ်ကြောင့် ခုလို အားပေးတီးခတ် ဖျော်ဖြေပေးတာပါ”လို့ ပြောပါတယ်။
တေးဂီတအဖွဲ့တွေအနေနဲ့ ကလေးမြို့ စောင့်ကြည့်ရေး စင်တာတွေကို ညစဉ် အလှည့်ကျ သွားရောက်ပြီး စုပေါင်း ဖျော်ဖြေသွားမယ်လို့လည်း သိရပါတယ်။
သတင်း- မင်းရဲစစ်နိုင်










