
မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ပစ်ကွင်းရှင်းဖို့ တောမီးရှို့ရာကနေ ရွှေစက်တော် သစ်တောကြိုးဝိုင်း မီးလောင်မှုကြောင့် လူနေအိမ် အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတည်းက စတင်ရှို့ခဲ့တဲ့ တောမီးက ထိန်းမရအောင် လောင်ကျွမ်းခဲ့ပြီး မတ် ၁၅ ရက်မှာ မင်းဘူးမြို့နယ်၊ အိုးဗြင်မဲကျေးရွာထဲကို ကူးစက်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုကြောင့် အိုးဗြင်မဲကျေးရွာက လူနေအိမ် ၆၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးမြို့ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွှေစက်တော်ကြိုးဝိုင်းက ဖေဖော်ဝါရီလလယ်ပိုင်းကစပြီး လောင်တာ၊ ခြောက်သွေ့တဲ့ရာသီဥတုလည်း ဖြစ်တော့လေ တောမီးလောင်တယ် ဆိုတာကတော့ ဆိုးတဲ့မီးတွေပါပဲ။ အခုက အိုးဗြင်မဲရွာနားက ၃ မိုင်လမ်းခွဲနဲ့ ရွာနားက ဓမ္မာရုံမှာလည်း ပစ်ကွင်းရှင်းဖို့ စရှို့ရာကနေ လောင်သွားတဲ့မီးပေါ့နော်” လို့ ပြောပါတယ်။
မီးလောင်သွားတဲ့နေအိမ်က ပြည်သူတွေကတော့ လက်ရှိမှာ ကျေးရွာပြင်က စိုက်ခင်းတွေအနီးနဲ့ တော်လှန်ရေးတပ်တွေ စိုးမိုးတဲ့ကျေးရွာတွေမှာ နေထိုင်နေရပါတယ်။
အိုးဗြင်မဲကျေးရွာမှာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းကလည်း စစ်ကောင်စီစစ်ကြောင်းက ၂ ကြိမ် မီးရှို့ခဲ့တဲ့အတွက် လူနေအိမ် အလုံး ၁၀၀ ကျော် မီးလောင်ခဲ့ပါသေးတယ်။










