
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝင်ပေါက် ၆ နေရာကို ပိုမိုကြပ်မတ်သွားမယ့် အစီအစဉ်ရှိတယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ဒီမှာကတော့ ဝင်ပေါက်ကြီး ၆ နေရာရှိပါတယ်။ အဲဒီအဓိက ဝင်တဲ့ ၆ နေရာကို ပိုပြီးကြပ်မတ်သွားမယ် အစီအစဉ်ရှိပါတယ်။”
ဧရာဝတီတိုင်းကို ရန်ကုန်တိုင်းကနေ လာနိုင်တဲ့ ညောင်တုန်းလမ်း၊ မအူပင်၊ မလက်တို၊ ဒေးဒရဲ ဝင်ပေါက်၊ ရခိုင်ပြည်နယ်ဘက် ကျောက်ချွန်ဂိတ်၊ ငါးသိုင်းချောင်း သီတာကုန်းမြင့်ဂိတ်နဲ့ မြန်အောင်မြို့နယ်က ဘတ်ရဲဂိတ်တို့ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက “ကျန်းမာရေးနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တော့ ညွန်ကြားပေးပါမယ်။ စစ်တဲ့ဆေးတဲ့နေရာမှာ လူစုလူဝေးနဲ့ အများကြီးဆိုရင် ကိုယ့်အချင်းချင်းပဲ ပြန်ပြီးတော့ ထိနေနိုင်တော့၊ လူများများမသုံးဘဲ အလှည့်ကျ ရေရှည်သုံးနိုင်ဖို့ ကျန်းမာရေးစည်းကမ်းချက်တွေ ထုတ်ပေးသွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြို့နယ်တွေမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ခရီးသည်တွေကို ခရီးသွားမှတ်တမ်းတွေနဲ့ ကျန်းမာရေးစစ်ဆေးတာတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက စုပေါင်းလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ဧပြီလ ၄ ရက်နေ့အထိ Facility Quarantine Center ၃၂၇ ခုရှိပြီး ၂၇၆၈ ယောက်ကို စောင့်ကြည့်နေပြီး၊ Home Quaratine လုပ်ထားသူ ၂၂၆၃ ယောက်နဲ့ ဆေးရုံတွင် Quaratine လုပ်ထားသူ ၁၂ ယောက်ရှိတယ်လို့ သိရပါတယ်။










