
ပြင်သစ်နိုင်ငံ စာသင်ကျောင်းတွေမှာ ဝန်ထမ်းအင်အား မလုံလောက်မှုတွေကို ဖြေရှင်းဖို့အတွက် အစားထိုး ကျောင်းဆရာ အယောက် ၃,၀၀၀ ကို ချက်ချင်းခေါ်ယူ ခန့်အပ်သွားမှာဖြစ်ပြီး ကျောင်းချိန်ဇယားတွေကိုလည်း ပြန်သုံးသပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီး အီဒွာ ဂျေဖှရယ်က အောက်တိုဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီဆရာ ၃,၀၀၀ ဟာ လက်ရှိမှာ အတန်းတွေနဲ့ တာဝန်မကျသေးဘဲ ရပ်နားနေကြသူတွေ ဖြစ်တာကြောင့် လာမဲ့နာရီပိုင်းအတွင်း လိုအပ်တဲ့ကျောင်းတွေကို ချက်ချင်းချထားပေးမယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် လိုအပ်တဲ့နေရာတွေမှာ ပုံမှန်သတ်မှတ်ချက်ထက် ကျော်လွန်ပြီး ဆရာ၊ ဆရာမ ရာပေါင်းများစွာကို ထပ်မံခန့်အပ်ဖို့ ဒေသန္တရ ကျောင်းအုပ်ချုပ်ရေးမှူးတွေကို ခွင့်ပြုပေးသွားမှာ ဖြစ်သလို ကျောင်းတွင်းမှာ ရေတိုအစားထိုးသင်ကြားမှုတွေ စီစဉ်နိုင်ဖို့အတွက် အချိန်ပို သင်ကြားချိန်တွေကိုလည်း ကြိုတင်ခွဲဝေပေးသွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အစိုးရဘက်က အခုလို ဖြေရှင်းပေးမယ်လို့ ကတိပေး ပြောဆိုမှုတွေအပေါ် ကျောင်းသားတွေဘက်က လုံးဝ မယုံကြည်ကြပါဘူး။ ဝန်ကြီးနဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပေမဲ့ တိကျသေချာတဲ့ အသေးစိတ် အချက်အလက်တွေ အလုံအလောက် မပါသေးတာကြောင့် ကျောင်းသားတွေက ကျေနပ်မှုမရှိကြဘဲ ဆန္ဒပြပွဲတွေကို ဆက်လုပ်ခဲ့ကြပါတယ်။
ဆန္ဒပြခေါင်းဆောင် မာရီယုစ် မက်နီးလ်က အစိုးရပေးတဲ့ ကတိတွေဟာ ဘာမှလက်တွေ့မပါဘဲ အရင်တုန်းက လိမ်ညာခံခဲ့ရတာတွေလိုပဲ ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပြီး နောက်မှရမဲ့အစား အခုချက်ချင်း တိကျတဲ့ အာမခံချက်တွေကို လိုချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။
နောက်ထပ် ခေါင်းဆောင်တယောက်ဖြစ်တဲ့ လူးဝီ လီတူဘလွန် ကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ပြဿနာကို တကယ်မဖြေရှင်းဘဲ အချိန်ဆွဲနေရုံသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီလို အစိုးရနဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြတဲ့ ကြာသပတေးနေ့မှာပဲ ပြင်သစ် ကျောင်းသားလူငယ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အထက်တန်းကျောင်းတချို့ကို ပိတ်ဆို့ခဲ့ကြသလို မြို့ကြီးတွေမှာလည်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲတွေထဲမှာ တချို့နေရာတွေ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၇၁,၅၀၀ ပါဝင်ခဲ့ကာ အဲဒီအထဲက ၂၄,၅၀၀ လောက်ကတော့ ပါရီမြို့ ဘက်စတီးလ် ရင်ပြင်တဝိုက်က ပင်မဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုဆိုရင် သီတင်းပတ် ၃ ပတ်တိုင်တိုင် ရှိလာပြီဖြစ်တဲ့ ဒီဆန္ဒပြလှုပ်ရှားမှုဟာ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံပေးဖို့ ပြည်သူတွေရဲ့ တောင်းဆိုချက်နဲ့ ကြွေးမြီနဲ့ လိုငွေပြမှုကို လျှော့ချဖို့ ငွေကြေးကျပ်တည်းနေတဲ့ အစိုးရတို့အကြား တင်းမာမှုတွေ မြင့်တက်နေတာကို ပေါ်လွင်စေပါတယ်။
Source: Reuters











