DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် COVID-19 ဆေးပစ္စည်းနှင့်အရန်ရိက္ခာဝယ်ယူရန် သိန်း ၅၀၀၀ သုံးမည်
DVB
·
April 4, 2020
ဧရာဝတီတိုင်းတွင် COVID-19 ဆေးပစ္စည်းနှင့်အရန်ရိက္ခာဝယ်ယူရန် သိန်း ၅၀၀၀ သုံးမည်
1 / 2
Donate to DVB

ဧရာဝတီတိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ တွေ့ရှိပါက ကုသနိုင်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့နဲ့ အရန်ရိက္ခာဝယ်ယူဖို့ အသုံးစရိတ် သိန်း ၅၀၀၀ အသုံးပြုသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူ ရှိလာရင် ကုသရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ပုသိမ်၊ ဖျာပုံနဲ့ ဟင်္သာတဆေးရုံတွေကို ပြင်ဆင်ထားပြီး ဆေးရုံမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့ သိန်း ၃၀၀၀ နဲ့ အရန်ရိက္ခာဝယ်ယူဖို့အတွက် သိန်း ၂၀၀၀ အသုံးပြုသွားမယ်လို့ တိုင်းအစိုးရအဖွဲ့က လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကို ပြောပါတယ်။

“ရောဂါတွေ့ရှိလာရင် ကုသဖို့အတွက်က အရေးကြီးတာက အသက်ရှူစက်ပါ။ အဲဒီတော့ ပြင်ဆင်ထားတဲ့ ဆေးရုံတွေမှာ အသက်ရှူစက်နဲ့ အခြားဆေးဝါးတွေဝယ်ယူဖို့ သိန်း ၃၀၀၀ ထောင်နဲ့ အရန်ရိက္ခာစုဆောင်းဖို့အတွက် သိန်း ၂၀၀၀ အသုံးပြုသွားဖို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။”

COVID-19 ရောဂါပိုးတွေ့ရှိသူ ဧရာဝတီတိုင်းအတွင်း ရှိလာခဲ့ရင် ကုသရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ပုသိမ်၊ ဖျာပုံနဲ့ ဟင်္သာတခရိုင် ဆေးရုံကြီး ၃ ရုံကို ပြင်ဆင်ထားပေမယ့် ဆေးရုံမှာ လိုအပ်ချက်တွေရှိ နေသေးတာကြောင့် အသက်ရှူစက်တွေနဲ့ အခြားဆေးဝါးပစ္စည်းတွေ ဝယ်ယူဖို့ ဧပြီလ ၃ ရက်နေ့က တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ သိန်း ၅၀၀၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေကနေ သုံးစွဲသွားမှာလို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ဒါ့အပြင် တိုင်းအစိုးရအနေနဲ့ မြို့နယ်အလိုက် Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုသွားနိုင်ဖို့အတွက်လည်း ၁ မြို့နယ်ကို သိန်း ၁၂၀ နှုန်းပေးမယ်လို့ ဆိုပါတယ်။

“သင်္ကြန်အတွက် သိန်း ၂၀ ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီပေးမယ်၊ နောက်ထပ် တိုင်းအစိုးရအဖွဲ့ရဲ့ သဘာဝဘေးရန်ပုံငွေထဲကနေ သိန်း ၁၀၀ ပေးမယ်၊ စုစုပေါင်း မြို့နယ် ၁ မြို့နယ်ကို သိန်း ၁၂၀ စီ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ အသုံးပြုဖို့ ပေးအပ်သွားမယ်။”

ဧရာဝတီတိုင်းမှာ Covid-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမယ့် ပြည်ပနိုင်ငံတွေက ပြန်လာ သူတွေကို ၁၄ ရက် စောင့်ကြည့်တဲ့ Facility Quarantine Center ၃၁၇ နေရာဖွင့်လှစ်ထားပြီး လူဦးရေ  ၂၂၃၅ ဦးကို စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။



မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013