DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် စောင့်ကြည့်ရေးစခန်းများ ကျန်းမာရေးအထောက်အကူပစ္စည်းများ လိုအပ်နေ
DVB
·
April 4, 2020
ရေးမြို့နယ် စောင့်ကြည့်ရေးစခန်းများ ကျန်းမာရေးအထောက်အကူပစ္စည်းများ လိုအပ်နေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပြည်ပနိုင်ငံတွက ပြန်လာသူတွေကို စောင့်ကြည့်ဖို့ ဖွင့်လှစ်ထားတဲ့ Facility Quarantine Center တွေမှာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လိုအပ်နေပါတယ်။

လတ်တလောအနေနဲ့ မျက်နှာဖုံးတွေ၊ လက်အိတ်တွေ၊ လက်ဆေးရည်နဲ့ ဆေးဖျန်းပုံးတွေ လိုအပ်ချက်ရှိနေပြီး အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်လံထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်နေရတာပါ။

ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်ကျေးရွာရှိ စောင့်ကြည့်ရေးစခန်းမှ ကိုစောအောင်ရွှေဝင်းက “ညွှန်ကြားလို့သာ လုပ်ကြရတယ်၊ ဒီမှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကလည်း ဘယ်လိုလုပ်ရမယ် မသိဘူး။ ရသလောက်လိုက်ခေါ်ပြီး ထည့်ထားတယ်၊ ပစ္စည်းကိရိယာထောက်ပံ့မှုက ဘာမှမရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်နေရတယ်၊ လက်လုပ်လက်စားတွေဖြစ်ကြတော့ ရှိတဲ့အားနဲ့လုပ်ထားတယ်၊ အလှူရှင်တွေ ပေးလှူလို့သာ ကျနော်တို့ ရနေတာ၊ ငွေရေးကြေးရေး ဘာမှထောက်ပံ့မှု မရှိသေးဘူး၊ သက်ဆိုင်ရာအနေနဲ့ ဘာမှမထောက်ပံ့သည့်တိုင် နည်းပညာအရသော်လည်းကောင်း၊ အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးဖို့ စတာတွေ ကူညီပေးသင့်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အစိုးရအနေနဲ့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားမှုတွေရှိလို့ လုပ်နေကြပေမယ့် ထောက်ပံ့မှု နည်းပါးနေကြောင်း၊ ပြည့်စုံမှုရှိမနေတဲ့အတွက် လိုအပ်တာတွေကို လိုက်လံကူညီထောက်ပံ့ပေးနေတယ်လို့ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

COVID-19 အတွက် ရေးမြို့မှာ မတ်လ နောက်ဆုံးအပတ်က စတင်ကာ အရပ်ဘက် အထောက်အကူပေးရေးအဖွဲ့တရပ် ဖွဲ့စည်းထားပြီး Mask နဲ့ လက်အိတ်ပေါင်း ၅၀၀၀ လောက်၊ PPE ဝတ်စုံ ၁၀၀ လောက်၊ ဖျန်းဆေးပုံး ၄၀ လောက်နဲ့ အပူချိန်တိုင်းကိရိယာအလုံး ၃၀ ကျော်ကို မြို့နယ်အတွင်းရှိ ဆေးရုံတွေနဲ့ စောင့်ကြည့်ရေးစခန်းတွေကို ဖြန့်ဝေထောက်ပံ့ လှူဒါန်းပေးထားတယ်လို့ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“မတော်တဆ ရောဂါဖြစ်ပွားလာခဲ့သည်ရှိသော် အချိန်နဲ့တပြေးညီ ကူညီလှူဒါန်းနိုင်ဖို့အတွက်လည်း လိုအပ်လာမယ့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေကို အသင့် စုဆောင်းထားရှိပြီးလည်း ဖြစ်ပါတယ်။”

မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ရေးမြို့နယ်အတွက် Mask ၁၀၀၀၊ လက်အိတ် ၂၀၀၀၊ ပိုးသတ်ဆေး ၂၀ လီတာ၊ ပိုးသတ်ဆေးပေါင်ဒါ ၁၅၀ ကီလို၊ သာမိုမီတာ ၃၆ ခု လက်ကိုင်အော်လံ ၄၄ ခု၊ ကြော်ငြာ CD တွေကို ဖြန့်ခွဲပေးအပ်ခဲ့ပြီးဖြစ်ကာ ထပ်မံပေးပို့သွားဖို့ရှိတယ်လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။

ရေးမြို့နယ်ရှိ စောင့်ကြည့်ရေးစခန်း ၃၆ ခု မှာ ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၈၀၀ လောက် လာရောက်နေထို်ငနေပြီး မလာရောက်သေးသောသူတွေကိုလည်း လာရောက်ကြဖို့ လိုက်လံနှိုးဆော်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013