DVB Logo
Home
မြန်မာသတင်း
Covid-19 ရောဂါဂယက်ကြောင့် Amava Apparel စက်ရုံအလုပ်သမား ၅၀၀ ခန့် အလုပ်ရပ်နားခံရ
DVB
·
April 4, 2020
Covid-19 ရောဂါဂယက်ကြောင့် Amava Apparel စက်ရုံအလုပ်သမား ၅၀၀ ခန့် အလုပ်ရပ်နားခံရ
Donate to DVB

Covid-19 ရောဂါဂယက်ကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ စက်မှုဇုန်က Amava Apparel စက်ရုံအလုပ်သမား ၅၀၀ နီးပါးလောက် အလုပ်က ရပ်နားခံရတယ်လို့ သိရပါတယ်။ 

ဥရောပနိုင်ငံတွေက ကုန်အဝယ်မရတော့တဲ့အတွက် ဧပြီ ၂ ရက်နေ့ အလုပ်ဆင်းချိန်မှာ အလုပ်သမား ၅၀၀ နီးပါး လျော့မယ်ဆိုတဲ့အကြောင်း အဆိုပါစက်ရုံက စာထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဥရောပနိုင်ငံတွေက ကုန်မှာတာတွေ မရှိတော့လို့ အလုပ်သမားတွေကို အလုပ်ရပ်နားမယ့် အကြောင်းကို မတ်လ လကုန်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံးညှိနှိုင်းခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရပါတယ်။

ဒေါက်တာစိုးဝင်းက “အဓိကတော့ အီတလီပေါ့။ ဥရောပတိုင်းပြည်တွေက ဒုက္ခရောက်တဲ့အခါကျတော့ သူတို့စက်ရုံတွေက တင်ပို့နေရတဲ့ ကုန်တွေကို မမှာတော့ဘဲ ရပ်လိုက်တယ်။ အဲ့တော့ စက်ရုံက အလုပ်လျော့သွားတော့ အလုပ်သမားတွေကို လျှော့ချရတာပါ” လို့ ပြောပါတယ်။

အလုပ်မှာတာတွေ မရှိတော့လို့ အလုပ်သမား ၄၅၃ ဦးကို အလုပ်ရပ်နားခဲ့ရတာဖြစ်ပြီး စက်ရုံဘက်က စနစ်တကျ လုပ်သက်အလိုက် လျှော့ချတာမျိုးတွေနဲ့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေနဲ့ အခွင့်အရေးတွေရအောင် ညှိနှိုင်းပေးခဲ့ပြီး အလုပ်ပြန်ဖွင့်ချိန်မှာလည်း အလုပ်ပြန်ခန့်နိုင်အောင် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Amava Apparel စက်ရုံက လျှော့ချခဲ့တဲ့ ဝန်ထမ်း ၄၅၃ ဦးကို ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာ အလုပ်ရပ်နားတဲ့အတွက် နို့တစ်ကြေး ၁ လစာ၊ လုပ်သက်အရ နစ်နာကြေးနဲ့ လုပ်သက်ခွင့်ပြန်အမ်းငွေ၊ ဧပြီလ ၃ ရက်နေ့အထိ လုပ်ခကြေးငွေတွေကို အလုပ်သမားတွေကို ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့ဝင် သီရိမျိုးအောင်က “လစာတွေ ထုတ်ပေးတာက အရမ်းကွာနေတယ်၊ နှစ်နည်းတဲ့သူက လုပ်သက်နှစ်များတဲ့သူထက် ပိုရနေတယ်၊ နှစ်ကြေးကို ၁ နှစ်ပြည့်မှ ပေးမယ်ပြောတယ်။ အခုကျနော်တို့က ၉ လပဲ ရှိသေးတော့ မရဘူး။ ကျနော်တို့က သူတို့ဆီမှာ ကျွန်ခံနေသလို ဖြစ်နေတယ်၊ စက်ရုံက လက်မှတ်ထိုးပြောလို့ ထိုးခဲ့တယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေကို နစ်နာကြေးထုတ်ပေးချိန်မှာ လုပ်သက် တွက်ချက်တာ လွဲမှားတာတွေ ရှိနေပြီး လုပ်သက်နည်းတဲ့သူက လုပ်သက်များတဲ့သူထက် ပိုရတာတွေရှိနေလို့ အလုပ်သမားသမဂ္ဂ တွေ့ဆုံပြီး စက်ရုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံးညှိနှိုင်းဖို့ ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“သမီးသူငယ်ချင်းနဲ့ သမီးနဲ့ တနေ့တည်း အတူတူအလုပ်ဝင်တာပါ၊ ခုသူငယ်ချင်းက ၄ သိန်း ၇ သောင်း ရတယ်၊ သမီးက ၃ သိန်း ၂ သောင်းပဲ ရတယ်၊ စက်ရုံမန်နေဂျာကို သွားပြောတော့ ရှင်းပေးမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

Amava Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၂၈၄ ဦးရှိတဲ့ထဲက ဧပြီလ ၃ ရက်နေ့မှာ အလုပ်သမား ၄၅၃ ဦးကို အလုပ်ရပ်နားခဲ့ပြီး  ကျန်အလုပ်သမားတွေနဲ့ စက်ရုံလည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုသိမ်မြို့က စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံပေါင် ၈ ရုံရှိပြီး တရုတ်၊ ထိုင်ဝမ်၊ သီရိလင်္ကာ စတဲ့ ပြည်ပနိုင်ငံတွေက လာရောက်ရင်းနှီးလုပ်ကိုင်နေပြီး ဒေသတွင်းက အလုပ်သမားဦးရေ ၁၂၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေကြတာပါ။

ဧရာဝတီတိုင်းမှာ ပထမဆုံး Covid-19 ရောဂါဂယက်ကြောင့် ကုန်ကြမ်းတွေ ဝယ်ယူလို့ မရတော့လို့ဆိုကာ ကန်ကြီးထောင့်မြို့နယ် ဟွာမှုန်အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ကို အလုပ်က ယာယီရပ်နားခဲ့ပြီး စက်ရုံကိုပါ ယာယီရပ်နားခဲ့ပါတယ်။

မတ်လ ၃၁ ရက်နေ့မှာလည်း ပုသိမ်စက်မှုဇုန်က မြန်မာနစ်တင်းအထည်ချုပ်စက်ရုံဟာ အလုပ်မှာယူတာတွေ မရှိတော့လို့ဆိုပြီး စက်ရုံရဲ့ အလုပ်သမား ၂၉၀၀ နီးပါးကို နစ်နာကြေးပေးပြီး အလုပ်ရပ်နားတာတွေ ပြုလုပ်ခဲ့တာပါ။

Covid-19 ရောဂါဂယက်ကြောင့် ဧရာဝတီတိုင်းမှာ ကုန်ကြမ်းမရတော့လို့ ရပ်နားခဲ့ရတဲ့ စက်ရုံ ၁ ရုံ နဲ့ အလုပ်မမှာတော့လို့ အလုပ်သမားဦးရေ လျှော့ချခဲ့ရတဲ့ စက်ရုံ ၂ ရုံ ရှိလာပြီး ၂ လအတွင်း စက်ရုံအလုပ်သမား စုစုပေါင်း အလုပ်လက်မဲ့ဦးရေ ၄၄၀၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013