DVB Logo
Home
မြန်မာသတင်း
COVID-19 ကူးစက်ခံ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် ထိတွေ့ခဲ့သူများကို Quarantine လုပ်မည်  
DVB
·
April 3, 2020
COVID-19 ကူးစက်ခံ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးနှင့် ထိတွေ့ခဲ့သူများကို Quarantine လုပ်မည်  
Donate to DVB

COVID-19 အတည်ပြုလူနာ နံပါတ် ၁၇ ဖြစ်တဲ့ ပေါက်ခေါင်းမြို့က ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ထိတွေ့ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်နဲ့  ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအားလုံးကို အသွားအလာ ကန့်သတ်စောင့်ကြည့် Faciality Quarantine လုပ်မယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးက ပြောပါတယ်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့က ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဟာ ဇနီးဖြစ်သူ COVID-19  အတည်ပြုလူနာ နံပါတ် ၁၅ ထံကနေတဆင့် မိသားစု ၄ ဦးကိုပါ ရောဂါ ဆက်လက် ကူးစက်ခံရတာပါ။

ဒါကြောင့် ဒုတိယအုပ်ချုပ်ရေးမှူးနဲ့ ထိတွေ့ခဲ့သူတွေဖြစ်တဲ့ ထွေအုပ်ဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လ.ဝ.က ဝန်ထမ်းတွေနဲ့ တခြားသူတွေ အားလုံးကိုလည်း ဧပြီ ၃ ရက်နေ့ကစပြီး Faciality Quarantine စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ 

ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ရန်ကုန်က သူ့ရဲ့ဇနီးဖြစ်သူထံ ရောဂါပိုးမတွေ့ရခင်တုန်းက သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ပေါက်ခေါင်းမြို့ကို ပြန်လည်ရောက်ရှိလာကာ COVID-19 ရောဂါကာကွယ်ရေးအစည်းအဝေး ၂ ခု ပါဝင်တက်ရောက်ခဲ့ပါတယ်။

အဲဒီစည်းအဝေးမှာ တယောက်နဲ့တယောက်  ၃ ပေအကွာမှာ နေရာယူထိုင်ကာ လုပ်တာဖြစ်ပြီး အခုလို Faciality Quarantine လုပ်ရပေမယ့် အရမ်းခက်ခဲမှုတွေ မဖြစ်ဘူးလို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သိမ့်သိမ့်ထွန်းက ပြောပါတယ်။

အုပ်ချုပ်ရေးတာဝန်ရှိသူ အများအပြားကို Quarantine လုပ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှာဖြစ်လို့ ပေါက်ခေါင်းမြို့နယ်မှာ အခုလက်ရှိ ဆောင်ရွက်နေတဲ့ COVID-19 ရောဂါကာကွယ်စောင့်ရှောက်ရေး ကိစ္စတွေကိုတော့ ပြည်ခရိုင်ထွေအုပ်ကနေ ဆက်လက် အဖွဲ့အသစ်ဖွဲ့ပြီး လုပ်ဆောင်ခိုင်းထားတယ်လို့ ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

ရောဂါပိုးတွေ့ထားတဲ့ လူနာမိသားစု ၄ ယောက်ကိုတော့ ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်ကို ရွှေ့ပြောင်းထားကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

COVID-19 ကူးစက်ခံရတဲ့ ပေါက်ခေါင်းမြို့က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့  ထိတွေ့ဆက်ဆံပြောဆိုခဲ့သူပေါင်း ၄၀ ကျော်လောက်ရှိနိုင်ပြီး အားလုံး Facility Quarantine လုပ်ကြရတော့မယ်လို့  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်ကလည်း ပြောပါတယ်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်တဲ့ လူနာနံပါတ် ၁၅ ဟာ ရန်ကုန် အင်းယားလိတ်ဟိုတယ်ဝင်းထဲက ပုဂ္ဂလိကဆေးခန်းတခုမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းဖြစ်ပြီး ရောဂါရှိမှန်းမသိခင် သူနဲ့ ထိတွေ့ဆက်ဆံပြောဆိုခဲ့သူတွေလည်း အများအပြားရှိနိုင်တာ ဖြစ်ပါတယ်။  

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့မှာတော့ COVID-19 အတည်ပြုလူနာ ၄ ဦး တွေ့ရှိလို့ မြို့ခံလူထုတွေအကြား ရောဂါကူးစက်ခံရမှာကို  စိုးရိမ်မှု မြင့်တက်နေပါတယ်။

နောက်ထပ် ပဲခူးတိုင်းအနောက်ခြမ်းမှာ  COVID-19 ပိုးတွေ့လူနာ နံပါတ် ၈ နဲ့ ထိတွေ့ခဲ့တဲ့ အုတ်ဖိုမြို့က စောင့်ကြည့်လူနာကတော့ ရောဂါပိုးမတွေ့ရှိဘူးလို့ လ.ဝ.က ၀န်ကြီးထံက သိရပါတယ်။  

မြန်မာတနိုင်ငံလုံးမှာ COVID-19 ရောဂါပိုးတွေ့ရှိထားတဲ့ အတည်ပြုလူနာ  ဒီနေ့အထိ ၂၀ ဦးရှိနေပြီး ဒီအထဲမှာ နိုင်ငံခြားသားတွေအဖြစ် ဆွစ်ဇာလန်နိုင်ငံကတယောက်နဲ့ ပြင်သစ်နိုင်ငံက ၃ ယောက် ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013