
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မေ ၂၅ ရက် ဒီနေ့မနက် ၉ နာရီကျော်လောက်က အိမ်စီးကားတစီး တိမ်းမှောက်ခဲ့လို့ လူ ၂ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီကျော်လောက်က အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက် လိုက်ပါလာတဲ့ အိမ်စီးကားဟာ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မိုင်တိုင်အမှတ် ၃၃၃/၆ နဲ့ ၃၃၃/၇ ကြားအရောက်မှာ တိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်သွားတာကြောင့် အိမ်စီးကားပေါ်ပါလာတဲ့ အမျိုးသမီး ၂ ယောက် အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပြီး နောက်ထပ် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “လမ်းချော်တဲ့ သဘောမျိုးဖြစ်ပြီး တိမ်းမှောက်တာ။ ကားက အရှိန်ပြင်းပြင်းနဲ့ လမ်းဘေးထိုးကျသွားတာ။ အမျိုးသမီး ၂ ယောက်က ပွဲချင်းပြီး ဆုံးသွားတာ” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေအား လူမှုကူညီရေးအသင်းတွေက အရေးပေါ်ကားနဲ့ သယ်ယူပြီး တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပြီး ဒဏ်ရာရရှိသူတွေဟာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၄၇/၇-၂၄၈/၀ (နေပြည်တော်-မန္တလေး) အသွားလမ်းမှာ အမျိုးသားတယောက်တည်း မောင်းလာတဲ့ AD Van အမျိုးအစား ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် ကျော်တက်ကာ အပြန်လမ်းဘက်ခြမ်းရှိ မြေသားလမ်းပေါ်ကို ရောက်ရှိ တိမ်းမှောက်ပြီး ယာဉ်မောင်း သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ၄ လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ခဲ့ပြီး ၃၂ ယောက် သေဆုံးခဲ့ကာ ၆၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းပေါ် အသုံးပြုသွားလာ မောင်းနှင်ကြတဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အရှိန်နှုန်းအတိုင်း မောင်းနှင်ကြဖို့နဲ့ ယာဉ်မောင်းတွေ အနေနဲ့ အိပ်မငိုက်မိစေဖို့ အထူးသတိထားကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။










