DVB Logo
Home
မြန်မာသတင်း
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လွိုင်ကော်တွင် ပိုးသတ်ဆေးဖျန်း
DVB
·
March 31, 2020
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လွိုင်ကော်တွင် ပိုးသတ်ဆေးဖျန်း
1 / 9
Donate to DVB

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းက  အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားတဲ့နေရာ (Facility Quarantine) တွေနဲ့ လမ်းမတွေပေါ်မှာ  မနေ့ညပိုင်းက ပိုးသတ်ဆေးလိုက်ဖျန်းနေပါတယ်။

လွိုင်ကော်မြို့နယ် မီးသတ်တပ်ဖွဲ့က ဦးစီးပြီး ဖေးကူလက်များ ပရဟိတ (ကယား) အဖွဲ့၊ ဝစ္စကုဋိ ပရဟိတအသင်းတို့ ပူးပေါင်းပြီး ဆေးဖျန်းခဲ့ကြတာဖြစ်ပါတယ်။

ဖေးကူလက်များ ပရဟိတ (ကယား) အဖွဲ့ခေါင်းဆောင် ဦးထွဋ်ခေါင် က “ ကျနော်တို့ည ၁၀ နာရီမှာ စတင်ပါတယ်။ ကျနော်တို့ ဆေးဖျန်းတာကတော့ ကျနော်တို့ သာသနာ့ဗိမာန်မှာ ရှိတဲ့ (Facility Quarantine)တွေရယ်၊ နောက်အားကာသိပ္ပံမှာ ရှိတဲ့အတွက် ကျနော်တို့ ဒီလမ်းကြောင်း နာရီစင်ကနေစတယ်။ ပြီးတော့ သူနာပြုသိပ္ပံကနေ စာတိုက်အဝိုင်းကို ပြန်လာတယ်။ ပြီးတော့ အားကာသိပ္ပံဆီသွားတယ်။ လမ်းက လမ်းဘေးဘယ်ညာရှိတဲ့အတွက် ဒုတိယလမ်းကြောင်းကို ပြန်မောင်းပြီး နာရီစင်မှာ အဆုံးသတ်ပါမယ်ခင်ဗျာ။ ဒီညကျနော်တို့ ရေဂါလံ ၇၂၀၀ လောက်သုံးစွဲရပါတယ်ဗျာ။ ”

ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေကို မီးသတ်ကား ၅ စီးနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ အဆိုပါ ပရဟိတအဖွဲ့တွေအနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းတွေကလည်း လွိုင်ကော်မြို့ သိရိမင်္ဂလာဈေးနဲ့ (Facility Quarantine) ထားရှိတဲ့နေရာတွေကို ဆေးဖျန်းတဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို  မြို့နယ်အသီးသီးရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ် ကုသနိုင်ရေးအတွက် နေရာတွေ သတ်မှတ်ပြီး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုတဲ့ (Facility Quarantine) လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

လွိုင်ကော်မြို့မှာဆိုရင် သာသနာ့ဗိမာန်၊ အား/ကာသိပ္ပံကျောင်းနဲ့ သူနာပြုသားဖွား သင်တန်းကျောင်းတွေမှာထားရှိပြီး မတ်လ ၃၀ ရက်နေ့အထိ လူပေါင်း ၂၅၁ ဦးကို Facility Quarantine ပြုလုပ်ထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်အသီးသီးမှာလည်း Facility Quarantine အတွက်နေရာပြင်ဆင်သတ်မှတ် စောင့်ကြည့်နေပါတယ်။

ကယားပြည်နယ် တပြည်နယ်လုံးမှာ မတ်လ ၃၀ ရက်နေ့အထိ  Facility Quarantine ပြုလုပ်ထားသူ ၆၁၈ ဦးရှိကြောင်း ဌာနဆိုင်ရာအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ မတ်လ ၃၀ ရက် ညနေ ၅ နာရီခွဲ နောက်ဆုံး ထုတ်ပြန်တဲ့  ထုတ်ပြန်ချက်အရ COVID-19 ရောဂါ စောင့်ကြည့် လူနာ ၁ ဦးတိုးလာကြောင်းနဲ့ သံသယရှိသူ လူနာတွေကတော့ လွိုင်ကော်မြို့နယ်က  ၆ ဦး၊ ဖရူဆိုမြို့နယ်က ၄ ဦး၊ ရှားတောမြို့နယ်က ၇ ဦးနဲ့ လိုခါးလို (ဖားဆောင်း)က ၂ ဦးတို့ ဖြစ်ကြပါတယ်။

စောင့်ကြည့် သံသယလူနာ ၁၉ ဦးထဲကမှ ၁၂ ဦးမှာ ရောဂါပိုးမတွေ့ရှိကြောင်းနဲ့ ကျန် ၇ ဦးကတော့ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013