DVB Logo
Home
Lead Story
COVID-19 ဘယ်နေရာမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။
DVB
·
March 28, 2020
COVID-19 ဘယ်နေရာမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။
Donate to DVB

COVID-19 က နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေက အရာဝတ္ထုပေါ် ရောက်မယ်။ ဒီကနေ တစ်ဆင့် လက်နဲ့ ကိုင်မိတဲ့မယ်။ ပြီးတော့ မျက်နှာကို ပွတ်မိမယ်ဆိုရင် ရောဂါကူးနိုင်တယ်လို့ အားလုံးသိထားပြီးသားပါ။ ဒါကြောင့် ဒီဗိုင်းရပ်စ်က ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။ ဒီပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲဆိုတာ သိထားရင် ပိုကောင်းတာပေါ့နော်။

ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာ


လက်ရှိ လေ့လာချက်တွေအရ ဆိုရင်တော့

  • သတ္တုပစ္စည်းများ (ဥပမာ တံခါးလက်ကိုင်၊ လက်ဝတ်ရတနာ၊ ငွေထည်ပစ္စည်းတွေ)   –   ၅ရက်ကြာ

  • ဖန်တည်ပစ္စည်းများ (ဥပမာ ဖန်ခွက်၊ ပြတင်းပေါက်၊ မှန်)                                          –    ၅ရက်အထိ

  • ကြွေထည်ပစ္စည်းများ (ဥပမာ အိုးခွက်ပန်းကန်)                                                         –   ၅ရက်ကြာ

  • စက္ကူ (ဥပမာ သတင်းစာ၊ မဂ္ဂဇင်း)                                                                             –    ၅ရက်အထိ

  • သစ်သား (ဥပမာ ပရိဘောဂ ပစ္စည်းများ)                                                                   –    ၄ရက်အထိ

  • ပလတ်စတစ် (ဥပမာ ဘတ်စ်ကား လက်ကိုင်ကွင်း၊ မီးခလုတ်)                                  –    ၂ရက်မှ ၃ရက်

  • စတီးလ် (ဥပမာ စတီးလ်အိုး၊ ဘေစင်၊ လက်ပတ်နာရီ)                                               –    ၂ရက်မှ ၃ရက်

  • ကတ္ထူ (ဥပမာ ကတ္ထူပုံး)                                                                                           –    ၁ရက်

  • အလူမီနီယမ် (ဥပမာ အအေးဘူး၊ ရေဘူး)                                                                  –    ၂နာရီမှ ၈နာရီ

  • ကြေး (ဥပမာ ရေနွေးအိုး၊ ဟင်းအိုး)                                                                            –    ၄နာရီ

  • အစားအစာနဲ့ ရေ                                                                                                        –   အစားအစာကနေ မကူးသလို ရေထဲမှာ ပါတယ်ဆိုတဲ့ တွေ့ရှိချက်မျိုး မရှိသေးပါဘူး။


ဘယ်လို ပိုးသတ်ကြမလဲ။


ဒီလို နေရာတွေမှာ ဒီလောက်ကြာကြာ နေနိုင်တယ်ဆိုတာ သိပြီးသွားရင် ဒီပစ္စည်းတွေကို ဘယ်လို သန့်ရှင်းရေး လုပ်မယ်။ ဘယ်လို ပိုးသတ်မယ်ဆိုတာကို သိသင့်တာကြောင့် ဆက်ပြောပြပေးသွားပါမယ်။

ပညာရှင်တွေကတော့ ဒီဗိုင်းရပ်စ်က ပေါ်လာတာ သိပ်မကြာသေးတဲ့အတွက် ဘယ်နည်းနဲ့ ပိုးသတ်တာ အကောင်းဆုံးလို့ ပြောရခက်ပါတယ်။ ဒါကြောင့် တခြား သူနဲ့အမျိုးအစားတူတဲ့ ဗိုင်းရပ်စ်တွေကို ပိုးသတ်တဲ့ နည်းလမ်းကိုပဲ လက်ရှိမှာ သုံးနေကြပါတယ်။

အကောင်းဆုံးကတော့ မကြာခဏ ထိတွေ့တဲ့ နေရာတွေဖြစ်တဲ့ တံခါးလက်ကိုင်တို့၊ စားပွဲမျက်နှာပြင်တို့ကို ခဏခဏ သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပိုးမသတ်ခင်မှာ ညစ်ပတ်နေတဲ့ဆိုလို့ရှိရင် ရေနဲ့ ဆပ်ပြာကို သုံးပြီး အရင်သန့်ရှင်းရေး လုပ်ပါ။ ပြီးမှ ပိုးသတ်ပါ။ အရေးကြီးတာက ပိုးသတ်ဆေးဖြန်းပြီးပြီးချင်း ချက်ချင်းမသုတ်လိုက်ပါနဲ့။ ဗိုင်းရပ်စ်တွေ သေအောင် အချိန်ခဏ ယူရပါမယ်။

CDCက အကြံပြုတာကတော့ ပစ္စည်းတွေ သန့်ရှင်းရေးလုပ်မယ်ဆိုရင် တစ်ခါသုံး လက်အိတ်ဝတ်ပါ။ ဒါမှမဟုတ် ရာဘာလက်အိတ်ပေါ့။ ဘာမှမရှိဘူးဆိုရင်လည်း သန့်ရှင်းရေး လုပ်ပြီးတိုင်း လက်ဆေးပေးပါ။ အရင်ဆုံး ရေနဲ့ ဆပ်ပြာသုံးပြီး သန့်ရှင်းရေး လုပ်ပါ။ ပြီးမှ ပိုးသတ်ပါ။ အရက်ပြန် အနည်းဆုံး ၇၀ ရာခိုင်နှုန်း ပါတာဖြစ်ဖြစ်၊ Bleach solutionပဲ ဖြစ်ဖြစ်၊ Hydrogen peroxide ပဲ ဖြစ်ဖြစ် သုံးပါ။ ဖျော်နည်းကို ဘူးတွင် ကြည့်ပါ။ အချိန်တစ်ခုကြာအောင် ထားပြီးမှ သုတ်ပစ်ပါ။ အိမ်သုံး ရှာလကာရည်တွေကတော့ ပိုးမသေစေပါဘူးတဲ့။

သတိထားရမယ့် အချက်များ



  • အမျိုးအစား မတူတဲ့ ပိုးသတ်ဆေးတွေ တစ်ချိန်တည်းမှာ မသုံးပါနဲ့။ ဓာတ်ပြုပြီး ထွက်လာတဲ့ အငွေ့တွေကြောင့် အဆိပ်သင့်တတ်ပါတယ်။

  • ပိုးသတ်ဆေးတွေကို နေ့ချင်း ဖျော်ပြီး သုံးပါ။ ၂၄နာရီ အတွင်း သုံးပါ။ နောက်နေ့ သုံးချင်ရင် အသစ်ထပ်ဖျော်ပါ။ ရက်ကြာသွားရင် အာနိသင် လျှော့သွားပါတယ်။

  • Bleach solution  တွေက လက်ကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် လက်ဆေးဆပ်ပြာအနေနဲ့ရော လက်သန့်ဆေးရည်အနေနဲ့ရော မသုံးပါနဲ့။

  • အရက်ပြန်ကို ရေနဲ့ ဖြစ်ဖြစ်၊ ရှားစောင်းလက်ပတ်နဲ့ ဖြစ်ဖြစ် ရောပြီး လက်သန့်ဆေးရည်အနေနဲ့ သုံးလို့ရပါတယ်။ ၇၀ ရာခိုင်နှုန်းတော့ ပါပါစေနော်။ အရက်ပြန်သီးသန့်ကတော့ လက်သန့်ဆေးရည်အနေနဲ့ သုံးဖို့ ပြင်းလွန်းပါတယ်။

  • ဘာလို့ ၁၀၀ရာခိုင်နှုန်း မသုံးတာလဲ ဆိုတော့ ခဏလေးနဲ့ အငွေ့ပျံလွယ်လို့ပါ။


ဘယ်ပစ္စည်းတွေကို ဘယ်လို ပိုးသတ်မှာလဲ။



  • ပစ္စည်းအမာစားတွေ (ဥပမာ သတ္တု၊ ဖန်ထည်) တွေကို ဆပ်ပြာရည်နဲ့ ဆေးပြီး ပိုးသတ်ဆေးနဲ့ ပိုးသတ်လို့ရပါတယ်။

  • ကြမ်းပြင်ကိုလည်း ဒီနည်းအတိုင်းပါပဲ။ အရေးကြီးတာက ရေတွေနဲ့ လှမ်းလှမ်းပက်တာမျိုး မလုပ်ဖို့ပါပဲ။ ဒါက ဗိုင်းရပ်စ်ကို ပိုပျံ့စေပါတယ်။ ကြမ်းတိုက်တံနဲ့ သုတ်ပါ။

  • ကော်ဇောလို ပစ္စည်းမျိုးကိုတော့ သူ့အညွှန်းမှာ ပါတဲ့အတိုင်း သန့်ရှင်းရေး လုပ်ရင်လုပ် ဒါမှမဟုတ် ရေနွေးနွေးနဲ့ ဆပ်ပြာနဲ့ လျှော်ပြီး သေချာ အခြောက်ခံပါ။ ဒါမှမဟုတ် သူ့ကို လျှော်နိုင်တဲ့ ပိုးသတ်ဆေးအမျိုးအစားကို သုံးပါ။

  • အဝတ်အစားတွေ၊ အိပ်ရာခင်းတွေကို လျှော်မယ်ဆိုရင် သူ့အညွှန်းအတိုင်း လျှော်ရင်လျှော် ဒါမှမဟုတ် ရေနွေးနွေးနဲ့ ဆပ်ပြာရည်ဖျော်ပြီး လျှော်ပါ။ ပြီးရင် အဝတ်တွေကို မခါပါနဲ့။ လျှော်ထားတဲ့ လက်ကိုလည်း မခါပါနဲ့။ ပိုးတွေ ပျံ့သွားနိုင်ပါတယ်။ ပြီးရင် သေချာ အခြောက်ခံပါ။ နေမကောင်းတဲ့ သူရဲ့ အဝတ်တွေ ဆိုရင်တော့ တစ်ခါသုံးလက်အိတ်နဲ့ လျှော်တာ ပိုကောင်းပါတယ်။ လက်အိတ်မရှိရင် လက်ဆေးပါ။

  • ကလေးအရုပ် ပလတ်စတစ် ပစ္စည်းတွေဆိုရင်လည်း Bleach solution မှာ စိမ်ပြီး ပိုးသတ်လို့ရပါတယ်။ ပြီးရင် ရေနာနာ ဆေးဖို့ မမေ့ပါနဲ့။ ကလေးက ပါးစပ်ထဲ ထည့်တတ်တဲ့ အကျင့်ရှိတယ်လေ။


အနီးဆုံးရန်သူကို ဘယ်လိုပိုးသတ်မလဲ။


ဟုတ်ပါတယ်။ သင့်လက်ထဲက ဖုန်းကို ပြောနေတာပါ။ ခဏခဏ လက်ဆေးပေမယ့် ဖုန်းကို သန့်ရှင်းရေး မလုပ်ဘူးဆိုရင် အလကားပါပဲ။ ပြီးတော့ ခုလို အိမ်မှာပဲ နေရတဲ့ အချိန်ဆို ဖုန်းကို ပိုကိုင် ပိုသုံးမိလို့ ပိုပြီး ပိုးသတ်သင့်ပါတယ်။ ဖုန်းကို ထမင်းစားလည်း ကြည့်၊ အိမ်သာတက်လည်း ကြည့်၊ ဘယ်နေရာ မှာ ဖြစ်ဖြစ် ဆိုတော့ သူ့မှာ ပိုးပေါင်းစုံပါတယ်။ နောက်ပြီး လက်က မျက်နှာကို မထိပေမယ့် ဖုန်းပြောတဲ့ အခါ မျက်နှာနား ကပ်ပြောရလို့ ပိုးတွေ ကပ်ပြီးသား ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဖုန်းပြောရင် နားကြပ်နဲ့ ပြောပါ။ ဖုန်းကို အရက်ပြန်ဂွမ်းနဲ့ မကြာခဏ ပိုးသတ်ပါ။ သင်လက်ဆေးတိုင်း  ဖုန်းကိုပါ သန့်ရှင်းရေး လုပ်ဖို့ မမေ့ပါနဲ့။

ခုပြောထားတဲ့ ဘယ်ပစ္စည်းတွေမှာ ဗိုင်းရပ်စ်က ဘယ်လောက်ကြာကြာ နေနိုင်လဲဆိုတာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပါ။ အကြမ်းဖျင်းသာဖြစ်ပြီး တကယ်တမ်း အတိအကျပြောဖို့ဆိုရင် လေ့လာမှုတွေ ထပ်လုပ်ရဦးမှာပါ။ သေချာတာက ချောင်းဆိုး နှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေက ဒီပစ္စည်းမှာ ကပ်ငြိနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။ လက်ဆေးပါ

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013