DVB Logo
Home
မြန်မာသတင်း
ဘားအံ၌ မင်္ဂလာပွဲ၊ လူစုလူဝေးနှင့် ဝတ်ပြုဆုတောင်းသူများကို အရေးယူမည်
DVB
·
March 28, 2020
ဘားအံ၌ မင်္ဂလာပွဲ၊ လူစုလူဝေးနှင့် ဝတ်ပြုဆုတောင်းသူများကို အရေးယူမည်
1 / 3
Donate to DVB

ဘားအံမြို့နယ်အတွင်း COVID-19 သတိပေးစောင့်ကြည့်ကာလ ကျန်းမာရေးဆိုင်ရာ သတိပေးချက်လိုက်နာမှု မရှိသူတွေကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူသွားမယ်လို့ ဒုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးလှိုင်ကျော်စိုးက ပြောပါတယ်။

ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့် အချက်တွေနဲ့ပတ်သက်ပြီး အသိပေးနှိုးဆော်ထားပြီး ဖြစ်တဲ့အတွက် မင်္ဂလာဆောင်ဧည့်ခံပွဲနဲ့ ဗလီဝတ်တက်ဆုတောင်းပွဲ ပြုလုပ်ခဲ့သူတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ် ၂၇ ရက် မနက်ပိုင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကန်သာဦးခန်းမမှာ ပြုလုပ်တဲ့ တပ်မတော်သားအရာရှိ မင်္ဂလာဆောင် ဧည့်ခံပွဲ၊ အမှတ် ၂ ရပ်ကွက်၊ ကုန်စိမ်းဈေးဟောင်းအနီးက ဗလီနဲ့ ရဲစခန်းအနီး ဗလီတွေမှာ လူဦးရေ ၁၀၀၀ လောက် ဝတ်ပြုဆုတောင်းခဲ့ကြတာနဲ့ပတ်သက်ပြီး အခုလို့ ပြောဆိုလိုက်တာပါ။

ဘားအံမြို့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးလှိုင်ကျော်စိုးက “ခွင့်ပြုထားတာမရှိဘူး။ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး အကုန်လုံး အကြောင်းကြားထားပြီးသား။ လိုက်ပြီးလည်း ကြေညာထားပြီးသား။ လူစုလူဝေးနဲ့ မလုပ်ရဘူး။ မလုပ်ရဘူးဆိုပြီး အဲလိုမျိုးလုပ်တယ်ဆိုလိုရှိရင်တော့ ကူးစက်ရောဂါကာကွယ်ရေးဥပဒေအရ ငြိမှာပဲ။ ငြိရင် အရေးယူမယ်”လို့ ပြောပါတယ်။

COVID-19 သတိပေးစောင့်ကြည့်ကာလအတွင်း လူစုလူဝေးနဲ့ သွားလာနေထိုင်မှုတွေကို မပြုလုပ်ကြဖို့ အထက်ဌာနညွှန်ကြားချက်အတိုင်း အသိပေးအကြောင်းကြားထားသလို လိုက်နာမှု မရှိတဲ့အပေါ် တင်ပြထားတယ်လို့ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်သိန်းက ပြောပါတယ်။

“ဒီကိစ္စကို မြို့နယ်ကို တင်ပြထားတယ်။ ကျနော်တို့အနေနဲ့ ပြောလို့မရတဲ့ အနေအထား ရှိတယ်။ တားမြစ်ထားတယ်။ အလှူအတန်းတွေတောင် ဒါနဲ့ပတ်သက်ပြီးတော့ ရွှေ့ထားတယ်။ ကျနော်တို့က ပွဲတာဝန်ရှိတဲ့သူတွေကို အကြောင်းကြားထားတယ်။” 





လူစုလူဝေးနဲ့ ဘာသာရေးပွဲတွေ မပြုလုပ်ဖို့ မြို့နယ်သံဃနာယကအဖွဲ့က စာထုတ် အကြောင်းကြားထားသလို ဗလီတက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ သာသနာရေးဌာနနဲ့ ဆက်ပြီး အကြောင်းကြားသွားမယ်လို့ တာဝန်ရှိသူကပြောပါတယ်။

ကရင်ပြည်နယ်အတွင်း COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေက ပြောဆိုနေမှုတွေကို မယုံကြည်ဖို့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်ပေးဖို့နဲ့ လေ့လာပေးဖို့၊ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ဖို့၊ လူများတဲ့နေရာတွေကို ရှောင်ကြဉ်ပေးဖို့နဲ့ မိမိတို့နေအိမ်မှာပဲ နေထိုင်ပေးဖို့ လိုက်လံအသိပေး နှိုးဆော်ထားသလို ထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူသွားမယ်လို့ အသိပေး‌ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 လူနာ ၈ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စောင့်ကြည့်သံသယလူနာ ၃၂၂ ဦး၊ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ ၂၀ ဦးနဲ့ ရောဂါပိုးအသစ် တွေ့ရှိသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၇ ရက် မနက် ၂ နာရီက သတင်းထုတ်ပြန်ထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013