DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မူးယစ်ဆေးဝါး ပိုမိုပေါများလာ
DVB
·
June 25, 2026
Photo: MOI
Photo: MOI
Donate to DVB

ရန်ကုန်မှာ မူးယစ်ဆေးဝါးအမျိုးမျိုးဟာ လူတိုင်းရဲ့ လက်တကမ်းအကွာမှာ ပေါပေါများများရှိနေပြီး အချိတ်အဆက်ရှိရင် လိုအပ်သလောက် ရနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ မူးယစ်ဆေးဝါး လက်လီရောင်းချသူတွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

ရန်ကုန်အပါအဝင် စစ်အာဏာရှင်တပ် ထိန်းချုပ်တဲ့ နိုင်ငံအနှံ့က မြို့ကြီးတွေမှာ ဒီဆေးဝါးအမျိုးမျိုးကို လွယ်လင့်တကူ ရနိုင်တယ်လို့ သူတို့က ပြောကြပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်တွင်း မူးယစ်ဆေး ရောင်းချသူတချို့နဲ့ နီးစပ်သူတယောက်က “ခင်ဗျား ဘာလိုချင်လဲ၊ အီး(အက်တစီ) လား၊ ကေ( ကတ်သမင်း) လား၊ ရေခဲ(အိုက်စ်)လား၊ အသီး(WY) လား၊ လိုသလောက် အကုန်ရတယ်။ အခုနောက်ပိုင်း အဝယ်များတာက လူငယ်တွေပဲ။ WY က ပိုရောင်းရတယ်။ အမျိုးအစားအလိုက် တလုံးကို ၄၀၀ ကနေ ၁,၅၀၀(ကျပ်) အထိ ရှိတယ်။ အီးနဲ့ကေလည်း အဝယ်များတယ်” လို့ ပြောပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာရှိတဲ့ ကလပ်၊ ဘားနဲ့ ကေတီဗီတွေမှာ မူးယစ်ဆေး ရောင်းချမှုပိုများသလို လူငယ်တွေကြားမှာလည်း အီးနဲ့ ကေ သုံးစွဲမှု ပိုများလာတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူတယောက်က “ဒါတွေကို ဖမ်းတာက နည်းပါတယ်။ စီမံချက်တို့ ဘာတို့ရှိမှ ဝင်စစ်တာမျိုးတွေ လုပ်တာပါ။ သူတို့ အခုဖမ်းတာက နိုင်ငံရေးနွယ်တဲ့၊ နိုင်ငံရေးလုပ်တဲ့လူတွေပဲ များတယ်။ တလောက ရပ်ကွက်ထဲက ဆေးဖြန့်တဲ့ ကောင်လေးတယောက် အဖမ်းခံရတာ၊ တရက်တောင် မကြာဘူး၊ ပြန်လွတ်လာတာပဲ။ ဒါတောင် ဆေးတွေနဲ့ လက်ပူးလက်ကြပ်မိတာနော်”လို့ ပြောပါတယ်။

ရန်ကုန်မြို့က တချို့အိမ်ထောင်စုတွေကတော့ ပတ်ဝန်းကျင်မှာ ပေါများနေတဲ့ မူးယစ်ဆေးတွေကြောင့် သူတို့ကလေးတွေ ဆေးစွဲ၊ ဆေးသုံးကာ လမ်းမှားရောက်မှာကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး(UNODC)ရဲ့ ဒီနှစ်ထုတ် ဓာတုမူးယစ်ဆေးဝါးများ နောက်ဆုံးပေါ် ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ စိန်ခေါ်မှုများ အစီရင်ခံစာမှာ မြန်မာဟာ ကမ္ဘာ့အကြီးဆုံး မက်သာဖက်တမင်း မူးယစ်ဆေးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၄ မှာ ၄၂,၅၀၀ ဟက်တာ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ၅၃,၁၀၀ ဟက်တာအထိ စိုက်ပျိုးမှု မြင့်တက်ခဲ့လို့ ကမ္ဘာ့မှာ အကြီးဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာဟာ ဒေသတွင်းရာဇဝတ်မှုနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ ဗဟိုအဖြစ် ပါဝင်နေသလို မြန်မာကထွက်တဲ့ ဓာတု မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံအပြင် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေအထိ လေကြောင်း၊ ရေကြောင်းကနေ ပျံ့နှံ့ နေတယ်လို့ UNODC က ဆိုပါတယ်။

စစ်အာဏာရှင်အစိုးရကလည်း သူတို့ မူးယစ်ဆေးဝါးနှိမ်နင်းနေကြောင်း ဝါဒဖြန့် သတင်းစာတွေကတဆင့် ရံဖန်ရံခါ ဖော်ပြလေ့ရှိပါတယ်။

ဒီဇွန်လ ၉ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ငွေကျပ် ၆၂ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ်၊ မက်သာဖက်တမင်း ၁ ဒသမ ၅ တန် ကျော်နဲ့ စိတ်ကြွဆေးပြား ၆ သန်းကျော်ကို ဖမ်းမိကြောင်း စစ်အာဏာရှင်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

Photo: MOI 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013