
ကမ္ဘာ့ထိပ်တန်း အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီရန်နဲ့ ယူကရိန်း စစ်ပွဲတွေ၊ စီးပွားရေး မရေရာမှုတွေနဲ့ ခန့်မှန်းရခက်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ အပေါ် စိုးရိမ်မှုတွေ တိုးပွားလာတာတွေကို နောက်ခံပြုပြီး မတ် ၂၆ နဲ့ ၂၇ ရက်မှာ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံကြမှာပါ။
ပြင်သစ်မြို့တော် ပါရီရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၄၀ လောက်အကွာမှာရှိပြီး ၁၂ ရာစုက တည်ဆောက်ပြီး ပြန်ပြင်ထားတဲ့ အာဘီယီဒေဗောက်ဒီ ဆီယာနေးဟိုတယ်မှာ ၂ ရက်ကြာ အစည်းအဝေးကို ဥရောပသမဂ္ဂနဲ့အတူ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 က ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က နိုင်ငံခြားရေးဝန်ကြီး တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ က ၆ နိုင်ငံအဖြစ် ပထမဆုံးတွေ့ဆုံခဲ့တဲ့ ဒီအဖွဲ့ဟာ ရိုးရာအစဉ်အလာအရ အဓိက စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပေါ် ကျယ်ပြန့်တဲ့ သဘောတူညီချက်နဲ့ ချဉ်းကပ် ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်သမ္မတအဖြစ် တာဝန် ပြန်ထမ်းဆောင်ပြီးကတည်းက စည်းလုံးညီညွတ်မှု ပြိုကွဲသွားခဲ့ပါတယ်။
မဟာမိတ်တွေနဲ့ ရန်သူတွေဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရဲ့ အခွန်ကောက်ခံမှုကနေ ယူကရိန်းနဲ့ အခု အရှေ့အလယ်ပိုင်း ပဋိပက္ခအထိ အမေရိကန်ရဲ့ မူဝါဒ ရုတ်တရက် ပြောင်းလဲမှုတွေကို တုံ့ပြန်ဖို့ ရုန်းကန်နေခဲ့ကြပြီး ရှင်းလင်းတဲ့ ရည်မှန်းချက် ဒါမှမဟုတ် ထွက်ပေါက်ဗျူဟာမရှိဘူးလို့ ဥရောပ သံတမန်တွေနဲ့ အရာရှိတွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံတကာ ဆက်ဆံရေးအင်စတီကျုရဲ့ ဒါရိုက်တာ သောမတ်စ်ဂိုမတ်က "အမေရိကန်ရဲ့ သဘောထားက G7 အဖွဲ့ဝင်တွေအတွက်သာမက တရုတ်နိုင်ငံအတွက်၊ ကမ္ဘာပေါ်က နိုင်ငံများစွာ အတွက်ပါ နိုင်ငံတကာစနစ် မတည်မငြိမ်ဖြစ်စေတဲ့ အစိတ်အပိုင်း တခု ဖြစ်နေတယ်”လို့ ပြော ပါတယ်။
Source:Reuters










