DVB Logo
Home
မြန်မာသတင်း
COVID-19 စောင့်ကြည့်ခံ အမေရိကန်ပြန် သတို့သား၏ မင်္ဂလာဆောင်ကို တားမြစ် 
DVB
·
March 27, 2020
COVID-19 စောင့်ကြည့်ခံ အမေရိကန်ပြန် သတို့သား၏ မင်္ဂလာဆောင်ကို တားမြစ် 
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့မှာ အမေရိကန်နိုင်ငံကနေ အလည်အပတ်ပြန်လာတဲ့ မြန်မာနိုင်ငံသားတဦးဟာ COVID-19 ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ခံနေရစဉ် မင်္ဂလာဆောင်ဧည့်ခံပွဲ အခမ်းအနား ကျင်းပတဲ့အတွက် တားမြစ်လိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသား အသက် ၃၈ နှစ်အရွယ် မောင်လုတ်ဆိန်းဇော်သိန်းဟာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ ၁၂ ရက်က မိသားစု ၃ ဦးနဲ့အတူ အလည်အပတ် ပြန်လာပြီး မတ် ၂၇ ရက်နေ့မှာ သိန်းနီးမြို့ အမှတ် ၃ ရပ်ကွက်၊ ဦးဖော်ဒါထွန်းနေအိမ်မှာ မင်္ဂလာအကြိုနဲ့ မတ် ၂၈ ရက် ဒီကနေ့မှာ မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

သိန်းနီမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးက “ယူအက်စ်အေက ပြန်ရောက်လာတဲ့သူ ရှိပါတယ်။ ကျနော်တို့လည်း လောလောဆယ် စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ နိုင်ငံခြားပြန်တွေ စာရင်းကောက်ပြီးတော့ စောင့်ကြည့်နေပါတယ်။ ဒီစောင့်ကြည့်ကာလမှာ လုံးဝ မင်္ဂလာဆောင်တာ၊ အပြင်သွားတာ လက်မခံပါဘူး။ မြို့နယ်မှာ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ စာလည်း ထွက်မှာဖြစ်တယ်။ မင်္ဂလာဆောင်ရင် တားမြစ်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။

သတို့သားဟာ နိုင်ငံခြားကနေ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး COVID-19 စောင့်ကြည့်ခံထားရသူ ဖြစ်သလို ရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာနေချိန် လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ မပြုလုပ်ဖို့ တားမြစ်ထားချိန်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်နေကြသလို ဝေဖန်ပြောဆိုမှုတွေပါ ရှိနေပါတယ်။

မတ် ၂၅ ရက် ညနေပိုင်းအထိ သိန်းနီမြို့နယ်အတွင်း ပြည်ပနိုင်ငံတွေက ထင်ရောက်လာသူ ၇၁ ဦးရှိရာမှာ မြို့ပေါ်ရပ်ကွက်နေထိုင်သူ ၂၄ ဦး၊ ကျေးလက်ဒေသနေထိုင်သူ ၄၇ ဦးကို သတ်မှတ်ထားတဲ့ စောင့်ကြည့်နေရာတွေမှာ ၁၄ ရက်ကြာ စောင့်ကြည့်သွားမယ့်အပြင် ထပ်မံဝင်ရောက်လာသူတွေကိုလည်း စိစစ်စောင့်ကြည့်သွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မတ် ၂၆ ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာ ၅ ဦးရှိနေပြီး ရောဂါတွေ့ရှိခဲ့သူ ၂ ဦးက အမေရိကန်က ပြန်လာတဖြစ်ပြီး ၂ ဦးက အင်္ဂလန်ကပြန်လာတာဖြစ်ကာ ကျန် ၁ ဦးကတော့ စင်ကာပူနဲ့ ဩစတြေးလျနိုင်ငံက ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်လာသူတွေဟာ COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲဆေးစစ်ချက် အထောက်အထားပြသဖို့ လိုအပ်သလို မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်ကစပြီး နေအိမ်နဲ့ စောင့်ကြည့်နေရာတွေမှာ ၁၄ ရက်သီးသန့် နေထိုင်စောင့်ကြည့်မှု ပြုလုပ်ရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။





ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013