
တေးရေး ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင် သီဆိုခဲ့တဲ့ သမိုင်းဝင် တော်လှန်ရေးသီချင်းတပုဒ် ဖြစ်တဲ့ “အရေးကြီးပြီ- (သွေးသစ္စာ)” သီချင်းကို စစ်အာဏာရှင်က သူတို့ရဲ့ မြဝတီရုပ်သံကနေ စစ်သီချင်းအဖြစ် ဝါဒဖြန့် ထုတ်လွှင့်ခဲ့တဲ့အပေါ် အဆိုတော်မွန်းအောင်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
အဲဒီလို လုပ်ရပ်အပေါ် သီချင်းရဲ့ မူပိုင်ခွင့် တာဝန်ရှိသူဖြစ်တဲ့ အဆိုတော် မွန်းအောင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် တိုကျိုမြို့ကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
လူထုကြိုက်နှစ်သက်မဲ့ အနုပညာကို အသစ်မဖန်တီးတတ်တဲ့ စစ်တပ်ဟာ ကို ထူးအိမ်သင်ရဲ့ လက်ရာကို ခိုးယူပြီး သူတို့ စိတ်ကြိုက် စာသားတွေ ညှပ်ထည့် ပြောင်းလဲကာ အမြတ်ထုတ်နေတာဖြစ်တယ်လို့ အဆိုတော် မွန်းအောင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထောက်ပြထားပါတယ်။
အဆိုတော် မွန်းအောင်က “တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်ဖို့ လူပေါင်းများစွာကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲ၊ အမြောက်တွေနဲ့ထု၊ မိန်းမငယ်လေးတွေကို လိင်အမြတ်ထုတ်နေတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို လက်သံပြောင်ပြောင် လုပ်နေနိုင်တာပဲ။ သီချင်းလေးတပုဒ်တော့ လှည့်ပတ်လိမ်နေမဲ့စား ကိုယ့်ဘာသာ ဖန်တီးကြပါလား” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
ထူးအိမ်သင် ကိုယ်တိုင် သူ့ရဲ့ ဘေးနားမှာတင် ရေးဖွဲ့ခဲ့တဲ့ ဒီသီချင်းရဲ့ အားမာန်နဲ့ အနုပညာစွမ်းအားကို စစ်တပ်ကပင် ကြောက်ရွံ့လို့ အမြတ်ထုတ်နေရတာ ဖြစ်ကြောင်းလည်း မွန်းအောင်က မှတ်ချက်ပြုထားပါသေးတယ်။
“အရေးကြီးပြီ” သီချင်းကို ၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စခန်းမှာ တေးရေး ထူးအိမ်သင် တောခိုစဉ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းကို ၁၉၉၁ ခုနှစ်မှာ အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့မှာ သီဆိုအသံသွင်းခဲ့ပြီး ၁၉၉၂ နှစ်မှာ လျှို့ဝှက်ဖြန့်ချိခဲ့ရာ ပြည်တွင်းမှာ အဖမ်းဆီးခံရသူတွေ အများအပြား ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ တော်လှန်ပြည်သူတွေရဲ့ ချီတက် သီချင်းတပုဒ် ဖြစ်လာခဲ့သလို ဒီမိုကရေစီအရေး လှုပ်ရှားမှု အခမ်းအနားတွေမှာလည်း ဒီသီချင်းဟာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာလည်း နိုင်ငံတဝန်းက အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုဟာ ဒီသီချင်းနဲ့အတူ လမ်းမတွေပေါ်မှာ ဟစ်ကြွေးသီဆိုပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီသီချင်းကို ကြံ့ခိုင်ရေးပါတီကလည်း အခုလိုပဲ စာသားတွေပြောင်းပြီး ဝါဒဖြန့် ဖန်တီးခဲ့ဖူးသလို အခုအခါမှာလည်း အတုအယောင်ထပ်မံ ဖန်တီးပြီး စစ်တပ်ပိုင်ရုပ်သံတွေကနေ ထုတ်လွှင့်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် လက်အောက်ခံတွေဖြစ်တဲ့ စစ်သည်ရဲမေတွေကတော့ မူရင်းသီချင်းမှာ ပါဝင်တဲ့ “နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ သေပါစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကိုချီ’’ နေရာမှာ “စစ်သားသွေးနဲ့ ရဲရဲရှေ့ကိုချီ”လို့ တေးရေး စစ်သွေးဇာနည် ဆိုသူက သီချင်းခိုးယူခဲ့ကာ ရွှေသံလွင် တေးဂီတအဖွဲ့နဲ့အတူ စစ်တပ် လော်ဘီချန်နယ်တွေကနေ ပုံပြောင်း သီဆိုခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်ဝန်းကျင် စစ်အာဏာရှင်တော်လှန်ရေးနဲ့ ဒီမိုကရေစီရေး လွတ်မြောက်ရေးကနေ ဒီကနေ့ တကျော့ပြန် စစ်အာဏာရှင်တော်လှန်ရေးအထိ တော်လှန်ရေးမျိုးဆက်တွေ ခေတ်အဆက်ဆက် သီဆိုခဲ့တဲ့ သွေးသစ္စာသီချင်းကို အာဏာသိမ်းစစ်တပ်ဘက်က ပုံပြောင်းသီဆိုခဲ့တဲ့အပေါ် လူမူကွန်ရက်မှာလည်း ပြည်သူတွေက အပြင်းအထန် ဝေဖန်နေကြပါတယ်။
လက်ရှိမှာ ဝါရင့် တော်လှန်ရေးအဆိုတော်ကြီး မွန်းအောင်ဟာ ဂျပန်နိုင်ငံ မြို့ကြီးတွေမှာ တော်လှန်ရေးရန်ပုံငွေ ဂီတပွဲတွေ ကျင်းပဖို့ ရောက်ရှိနေတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ စင်မြင့်ထက်မှာ မြန်မာပရိသတ်တွေနဲ့အတူ “အရေးကြီးပြီ” သီချင်းကို သီဆိုခဲ့ပါသေးတယ်။
ဝါရင့်အဆိုတော် မွန်းအောင်ကတော့ အသက်ရှိနေသရွေ့ ကိုထူးအိမ်သင်ရဲ့ အနုပညာကို ကာကွယ်သွားမယ်လို့လည်း သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောကြားလိုက်ပါတယ်။
အဆိုတော် မွန်းအောင်ဟာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ မေ ၃၁ ရက်နဲ့ အိုကီနာဝါမြို့မှာ ဇွန် ၇ ရက်တွေမှာ ဂီတဖျော်ဖြေပွဲတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ဖျော်ဖြေပွဲတွေကနေ ရရှိတဲ့ ရန်ပုံငွေ အားလုံးကိုလည်း မြန်မာနိုင်ငံအနှံ့က လိုအပ်တဲ့ နေရာတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။










