DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် ၂ ဦး ထပ်တွေ့
DVB
·
March 27, 2020
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် ၂ ဦး ထပ်တွေ့
Donate to DVB

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၅ ဦးရှိသွားပြီလို့  ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်အစောပိုင်း ၂ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အသစ်တွေ့ရှိတဲ့ စောင့်ကြည့်လူနာတွေကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ (၃၃) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာသူ (၆၉)နှစ်အရွယ် အမျိုးသားတဦးတို့ ဖြစ်ပါတယ်။

ပထမလူနာ (၃၃)နှစ်အရွယ် အမျိုးသားဟာ Qatar Airline နဲ့ မတ် ၁၉ ရက်မှာ ရန်ကုန်မိမြို့ကို ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်မှာ တညအိပ်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်ကနေ မန္တလေးကို ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်နဲ့ သွားခဲ့ပြီး ကားဂိတ်ကနေ ချမ်းမြသာစည် မြို့နယ် နေအိမ်ကို မီနီအိုးဝေယာဉ်နဲ့ သွားခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၂ ရက်နေ့ကစလို့ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရလို့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သွားပြရာကနေ ကန်တော်နဒီဆေးရုံကို လွှဲပြောင်းကာ ဓာတ်ခွဲစစ်ဆေး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒုတိယလူနာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူ အသက်(၆၉ )နှစ်အရွယ် အမျိုးသားဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျမှာ (၁) လလောက် ကုသခဲ့ပြီးအပြန် စင်ကာပူမှာ (၄) ရက် နေထိုင်ခဲ့ကာ မတ်လ ၁၄ ရက်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာပါ။ 

မတ်လ ၁၈ ရက်ကစလို့ ဖျားပြီး ချောင်းဆိုးတာကြောင့် မတ်လ ၂၅ရက်နေ့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ခန်းမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိရာကနေ အခုနောက်ဆုံး ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အရင်က COVID-19 ရောဂါပိုးတွေ့ရှိသူအနေနဲ့ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်ပြန် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံမှာ အင်္ဂလန်ပြန် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားသူ အင်္ဂလန်ပြန် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို အတည်ပြုလူနာအဖြစ် ကုသမှုတွေ ပြုလုပ်နေပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စုစုပေါင်း (၅)ယောက် ရှိပြီ ဖြစ်ပါတယ်။ 

အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၊ အသွားအလာကန့်သတ်၊ စောင့်ကြပ်ကြည့်ရှုသွာမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျိုင်းတုံပြည်သူ့ဆေးရုံ၊ ပျဉ်းမနားပြည်သူ့ဆေးရုံတို့မှာ အသွားအလာကန့်သတ် ထားရှိသူ (၂) ဦးရဲ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ဆိုပါတယ်။ မတ် ၂၆ ရက် ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ အယောက် ၂၀ အား သက်ဆိုင်ရာဆေးရုံတွေ စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၅၂၉၆၁၄ ဦး၊ သေဆုံးသူ ၂၃၉၇၆ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၂၃၃၈၀ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013