DVB Logo
Home
မြန်မာသတင်း
အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  ကရင်နီပြည်သူများ လက်လှမ်းမမီ မသိရှိ 
DVB
·
March 24, 2020
အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  ကရင်နီပြည်သူများ လက်လှမ်းမမီ မသိရှိ 
Donate to DVB

အစိုးရရဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်အပေါ် ကယန်းပြည်လူထုတွေအနေနဲ့ လက်လှမ်းမီ သိရှိနားလည်ခြင်း မရှိဘူးလို့ ကယန်း မျိုးဆက်သစ်လူငယ်အဖွဲ့ (KNGY) ရဲ့ လူထုစစ်တမ်း အရ သိရပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့အနေနဲ့ ကယန်းလူမျိုးများ အဓိကနေထိုင်တဲ့ ကယားပြည်နယ် လွိုင်ကော်၊  ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေအပြင် ရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ နေပြည်တော်မှာ စစ်တမ်းတွေ ကောက်ယူခဲ့ပြီး မတ် ၂၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန် သတင်းစာ ရှင်းလင်းပွဲပြုလုပ် ပြောဆိုလိုက်တာပါ။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ကော်မတီဝင် မူမာရီယာက “စစ်တမ်းအနေနဲ့ ကျမတို့ ပြန်ကြည့်ရင်တော့ လူထုတွေက မသိတာတွေ များနေသေးတာပေါ့နော်။ အဓိက ဦးသိန်းစိန် အစိုးရလက်ထဲကနေ အခု အန်အယ်လ်ဒီအစိုးရအထိ ဖော်ဆောင်တာပေါ့နော်။ ဖော်ဆောင်တဲ့နေရာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အန်အယ်လ်ဒီအစိုးရ လက်ထဲမှာလည်း လုပ်ကြတယ်။ ဒါပေမဲ့ လူထုတွေကို ကျမတို့ ပြန်မေးတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ သူတို့ မသိရှိဘူး။ လက်လှမ်းမီဖို့ အရမ်းအားနည်းတယ်။ ကျမတို့ မေးနေတဲ့အချိန်မှာ တချို့တွေက ဒီမိုကရေစီအစိုးရလက်ထဲသာ ပြောသာပြောတာပဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပြောရဲတာတွေ မရှိလောက်ပဲပေါ့နော်။ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူထုတွေက လက်လှမ်းမီသလိုဆိုတာ သိပ်မရှိသေးဘူးပေါ့နော်။ အပေါ်က ငြိမ်းချမ်းရေးတွေ ဆွေးနေကြတယ် ပြောကြတယ်။ ဒါပေမဲ့ အောက်ခြေလူထုအသံတွေက သိပ်မပါသေးတဲ့ အနေအထားမှာ တွေ့ရတာပေါ့”  လို့ ပြောပါတယ်။

ဒီလို လူထုအသံ အားနည်းနေရတာကလည်း ငြိမ်းချမ်းရေးမှာ ပါဝင်ဆွေးနွေးသူတွေက လူထုနဲ့ ထိတွေ့မှုပိုင်းမှာ အားနည်းနေတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် အန်စီအေ သဘောတူစာချုပ်အပေါ် လိုက်နာနိုင်မှုကလည်း အရင် ဦးသိန်းစိန် အစိုးရ လက်ထက်က ၁၃ ရာခိုင်နှုန်းသာရှိပြီး အခု အန်အယ်လ်ဒီအစိုးရလက်ထဲမှာ ၁၅ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း ထောက်ပြထားပါတယ်။

ဒီလိုငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူထု အသိနည်းနေရတာဟာ ဒေသန္တရအမိန့်ကြောင့် ပါဝင်တယ်လို့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါတယ်။

“ဒီလိုဟိုတယ်ခန်းမတွေမှာ လုပ်မယ်ဆိုရင် ပြည်နယ်အစိုးရရဲ့ ၁၅ ရက် ခွင့်ပြုချက်လက်မှတ် ပါမှကို ခန်းမငှားရမ်းဖို့ကိစ္စ ခွင့်ပြုဖို့ဆိုတာမျိုးတွေ ထုတ်ပြန်လာတယ်။ သာသနာရေးအဆောက်အဦထဲမှာဆိုရင်လည်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေ ကျင်းပခွင့်မရှိဘူး။ သင်တန်းတောင် လုပ်ခွင့်မရှိဘူး ဆိုရင်တော့ ဒါသည် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာမျှဝေပေးမှုဆိုတာလည်း နိုင်ငံရေးနဲ့ ဆက်နွှယ်တာပဲ ဖြစ်တယ်ဆိုတော့ ဒါတွေကို သာသနာ အဆောက်အဦတွေမှာ မလုပ်ရတဲ့အတွက်ကြောင့် CSO တွေက ဒီလိုပွဲတွေကို လုပ်ဆောင်နိုင်စွမ်းအားနည်းတဲ့အတွက်ကြောင့် ဒီအစိုးရလက်ထဲမှာ ဒေသန္တရအမိန့်ကြောင့်မို့လို့ လူထုအသိပညာပေးမှုလို၊ လူ့အခွင့်အရေးသင်တန်းလို ၂၀၂၀ မှာဆိုလို့  voter education မဆန္ဒရှင်ပညာပေး အထိ လုပ်ဆောင်ဖို့ ခက်ခဲသွားပြီးတော့မှ လုပ်ခွင့်မရတဲ့အတွက် ကျသွားတယ်လို့ မြင်ပါတယ်။”

ကယားပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ကေအန်ပီပီ တပ်သား ၃ ဦးနဲ့ အရပ်သား ၁ ဦး အသတ်ခံခဲ့ရပြီး နောက်ပိုင်း ပြည်နယ်အတွင်း လူထုဆန္ဒထုတ်ဖော်မှုတွေ ရှိလာခဲ့သလို ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်ပြီး လူထုတွေရဲ့လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့တဲ့နောက်ပိုင်း လူထုတွေကို ထိန်းချုပ်နိုင်ဖို့ ကယားပြည်နယ်အစိုးရက ဒေသသရ အမိန့်တွေကို ထုတ်ပြန်ခဲ့တာပါ။   

ကယားပြည်နယ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အန်စီအေ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေမယ့် အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ 

ဒီဖြစ်စဉ်အပေါ် လူထုတွေကလည်း ထဲထဲဝင်ဝင်သိရှိဖို့ လိုအပ်သလို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လူထုတွေ လက်လှမ်းမီနိုင်အောင် လုပ်ပိုင်ခွင့်ရှိ အစိုးရအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေအနဲ့လည်း လူထုအသံတွေ များများထွက်အောင် ပံ့ပိုးပေးဖို့လည်း (KNGY) က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013