DVB Logo
Home
မြန်မာသတင်း
COVID-19 ရောဂါပိုးရှိသူ မင်္ဂလာဧည့်ခံပွဲလုပ်ခဲ့သည့်  တီးတိန်က ရွာကို ကန့်သတ်ပိတ်ပင်မှုစတင်
DVB
·
March 24, 2020
COVID-19 ရောဂါပိုးရှိသူ မင်္ဂလာဧည့်ခံပွဲလုပ်ခဲ့သည့်  တီးတိန်က ရွာကို ကန့်သတ်ပိတ်ပင်မှုစတင်
Donate to DVB

COVID-19 ဗိုင်းရပ်စ်ရောဂါပိုးရှိတဲ့ ချင်းအမျိုးသား ဧည့်ခံပွဲ လုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကရွာကို Lock Down (သို့မဟုတ်) Community Quarantine သွားလာကန့်သတ်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သူ့ရဲ့  လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာထားရှိတဲ့ အမေရိကန်နိုင်ငံကပြန်လာတဲ့ အမျိုးသား ၁ ဦးမှာ COVID-19 ဗိုင်းရပ်စ်ရောဂါပိုးရှိကြောင်း မနေ့ညက  ကျန်းမာရေးဌာနက အတည်ပြုကြေညာလိုက် ပြီးနောက်ခုလိုလုပ်ဆောင်လိုက်တာပါ။

ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့သူအားလုံးကိုလည်း သီးသန့်ခွဲခြားပြီး Quarantine စတင်လုပ်ဆောင်နေပြီး တီးတိန်ကနေ အလန့်တကြားနဲ့ စစ်ကိုင်းဘက်ဆင်းတာတွေလည်း ကန့်သတ်ထားလိုက်ပြီလို့ ဆိုပါတယ်။

ကလေး-တီးတိန် အဝင်အထွက်တွေကို ကန့်သတ်မှာဖြစ်ပြီး စစ်ကိုင်းတိုင်းအဝင် တံတားကြီးတွေမှာ ကျန်းမာရေးစစ်ဆေးမှာ ဖြစ်သလို ထူးခြားရင် Quarantine လုပ်မယ်လို့လည်းရေးသားထားပါတယ်။

Lock down ပြုလုပ်တယ်ဆိုတာ အိမ်ထဲက အိမ်ပြင်မထွက်ရတာဖြစ်ပြီး သတ်မှတ်ဧရိယာအတွင်း အသွားအလာကန့်သတ်  နေထိုင်ခြင်းကိုတော့ Community Quarantine လို့ သတ်မှတ်ထားပါတယ်။ 

ရောဂါကူးစက်ခံရသူ ဓာတ်ပုံရိုက်သွားတဲ့ ကလေးမြို့က  ဓာတ်ပုံဆိုင် အပါအဝင် သွားခဲ့တဲ့ နေရာတွေက မိသားစုဝင်တွေကိုလည်း Home Quarantine လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ထွေအုပ်နဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကလည်း သူနဲ့ထိတွေ့သူတွေကို ရှာဖွေပြီး ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်နေကြောင်းနဲ့ ထိတွေ့ခဲ့တယ်လို့ သံသယရှိသူတွေအနေနဲ့ ကျန်းမာရေးဌာနကို တာဝန်သိစိတ်ရှိရှိနဲ့ ကိုယ်တိုင်သွားစစ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဈေးဆိုင်ခန်းတွေ အားလုံးပိတ်သိမ်းနေပြီဖြစ်သလို ဘုရားကျောင်းတွေလည်း ပိတ်လိုက်ဖို့ လိုက်လံအကြောင်းကြားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နာရေးလို ကိစ္စမျိုးကလွဲလို့ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ ပွဲလမ်းသဘင်တွေ မလုပ်ကြဖို့ကိုလည်းညွှန်ကြားထားတယ်လို့ဒေသခံကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်း မတ် ၂၃ ရက်ညက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်နိုင်ငံကပြန်လာသူ အသက် (၃၆ )နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာထားရှိတဲ့ အင်္ဂလန်ကပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။

တီးတိန်ဆေးရုံမှာထားရှိတဲ့ ရောဂါပိုးရှိသူဟာ မတ်လ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံကနေ ထွက်လာခဲ့ပြီး မတ်လ ၁၅ ရက်နေ့မှာ  မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကာ တရက်ထဲမှာပဲ ကလေးမြို့ကို မြန်မာ့လေကြောင်းလိုင်းနဲ့ သွားရောက်ခဲ့ပါတယ်။ မတ်လ ၁၉  ရက်နေ့မှာ အဖျားတက်ပီး ၂၁ ရက်နေ့မှာ တီးတိန်ဆေးရုံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013