DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗိုလ်ချုပ်ဈေးတွင် အရောင်းအဝယ်ရပ်ဆိုင်းနေ
DVB
·
March 23, 2020
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ရှိနေပြီး လူစုလူဝေးရှောင်ရှားဖို့ တိုက်တွန်းချက်တွေကြောင့် ရန်ကုန်မြို့က ဗိုလ်ချုပ်ဈေးအပါအဝင် ခရီးသွားကဏ္ဍနဲ့ ဆက်နွှယ်တဲ့ အရောင်းအဝယ် လုပ်ငန်းတွေ အားလုံးနီးပါး ရပ်ဆိုင်းနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နှိုးဆော်ချက်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် ရန်ကုန်မြို့လယ်က လူစည်ကားရာနေရာတွေမှာ အသွားအလာနည်းပါးနေပါတယ်။

ရုပ်ရှင်ရုံတွေပိတ်ထားတဲ့အပြင် ဈေးဝယ်စင်တာတွေမှာလည်း ကျန်းမာရေးအသိပေးမှုတွေ လုပ်ဆောင်နေတာကြောင့် ပုံမှန်ဖောက်သည်တွေပဲ လာရောက်ဝယ်ယူနေပြီး ပြည်ပခရီးသွား လာရောက်မှု အနည်းဆုံးအခြေအနေအထိ ကျဆင်းနေပါတယ်။

ဗိုလ်ချူပ်ဈေးလိုမျိုး ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်မှုများပြားတဲ့နေရာတွေမှာ ရိုးရာလက်ဆောင်ပစ္စည်းနဲ့ လက်ဝတ်ရတနာ ကျောက်မျက်ရောင်းချရမှုဟာလည်း သုညနီးပါး ကျဆင်းနေတယ်လို့ ဂန္ထဝင်လက်မှုအမှတ်တရပစ္စည်းဆိုင်မှ ကိုဇော်ဇော်မော်မြင့်က ပြောပါတယ်။

“မတ်လဆန်းလောက်ကစပြီး တော်တော်ပါးသွားတယ်။ အရောင်းအဝယ်က လုံးဝမရှိသလောက် ဖြစ်သွားတယ်။ နိုင်ငံခြားသားတွေလည်း ဝယ်ကြတယ်။ နိုင်ငံခြားသွားမယ့် သူတွေလည်း ဝယ်ကြတယ်။ အခုကျတော့ အားလုံးလိုလို ပိတ်သွားတော့ နိုင်ငံခြားသားလည်း မရှိတော့ဘူး။ ဒီကသွားမယ့်လူလည်း မရှိတော့ဘူးဆိုတော့ အရောင်းအဝယ်က မရှိသလောက် ဖြစ်သွားတယ်။ ရတနာဆိုင်တွေကတော့ တရုတ်ကို သွင်းရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ကျောက်စိမ်းတွေ၊ တရုတ် အလာနည်းသွားတော့ အရောင်းအဝယ်သိပ်မဖြစ်တော့ ပိတ်ထားတာတွေ ရှိတယ်။”

မြန်မာ့ရိုးရာ လက်ဆောင်ပစ္စည်းတွေအပါအဝင် နိုင်ငံခြားခရီးသွားတွေကို အမှတ်တရပစ္စည်းဆိုင်တချို့ဟာ ပိတ်ထားရတဲ့အဆင့်ကို ရောက်နေတာပါ။

အစိုးရက အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် အကူအညီပေးဖို့ စီစဉ်နေပေမယ့်  လက်တလော ကျန်းမာရေးကိစ္စအတွက် အဓိကဆောင်ရွက်နေတာကြောင့် လက်ရှိအချိန်မှာ အခက်အခဲတွေကို ဆက်လက်ရင်ဆိုင်ဖို့ပဲ ရှိတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

“နိုင်ငံတော်ကလည်း အမျိုးမျိုးတော့ ပံ့ပိုးဖို့ ကြိုးစားတာပေါ့။ ဒါတွေကလည်း အထိုက်အလျောက် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေမှာပေါ့။ အားလုံးက ထိတယ်။ အားလုံးကလည်း ပံ့ပိုးမှုတွေ လိုချင်ကြတယ်။ ဟိုတယ်ခရီးသွား၊ ဧည့်ဝန်ဆောင်မှုပေးတာတွေ ဘာတွေ အကုန်လုံး ထိတာပဲ။ အဓိကကတော့ ဒီရောဂါကိုပဲ တိုက်ဖျက်ဖို့ ကြိုးစားနေရတာပေါ့။”

ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ နိုင်ငံခြား ပို့ကုန်စက်ရုံတွေမှာ အလုပ်သမား လျှော့ချတဲ့ကိစ္စတွေ ဖြစ်ပေါ်နေသလို ခရီးသွားကဏ္ဍနဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေမှာလည်း လုံးဝနီးပါး အရောင်းအဝယ်တွေ ရပ်ဆိုင်းနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013