DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် အီဘိုလာကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်ရှိလာ၊ ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိဟု WHO သတိပေး
DVB
·
September 3, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ ၃,၀၀၀ ကျော်သွားပြီဖြစ်ပြီး ခြေရာမခံနိုင်သေးတဲ့ ရောဂါကူးစက်ပျံ့နှံ့မှု လမ်းကြောင်း အန္တရာယ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

တရားဝင်ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ဩဂုတ် ၃၁ ရက်အထိ ကွန်ဂိုမှာ အီဘိုလာ အတည်ပြုလူနာ ၆,၁၈၆ ယောက်နဲ့ သေဆုံးသူ ၃,၀၀၇ ယောက် ရှိခဲ့ပါတယ်။ ပြန်ကောင်းလာတဲ့သူ စုစုပေါင်း ၁,၄၀၉ ယောက်ရှိပြီး ကျန်တဲ့ ၈၃၀ ကတော့ သီးသန့်ခွဲခြားကုသဆောင်တွေနဲ့ အီဘိုလာ ကုသရေးစင်တာတွေမှာ ကျန်ရှိနေသေးတာပါ။

ဒီရောဂါကူးစက်မှုဟာ အီတူရီ၊ မြောက်ကီဗူး၊ ဟောက်ထ် အူအီလီ၊ ထရှိုပို၊ တောင်ကီဗူးနဲ့ ဘက်စ် အူအီလီ ပြည်နယ် ၆ ခုရှိ ကျန်းမာရေးဇုန်ပေါင်း ၆၀ ထိ ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

အီတူရီပြည်နယ်ဟာ ဗဟိုချက်ဖြစ်ပြီး တနိုင်ငံလုံး အတည်ပြုလူနာရဲ့ ၈၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွန် ဂယ်ဘရီရေးဆုစ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ “ဒီတခေါက် ကွန်ဂိုမှာဖြစ်တဲ့ အီဘိုလာကူးစက်မှုဟာ အရင်ဖြစ်ခဲ့ဖူးသမျှ အီဘိုလာ ရောဂါတွေထက် ပိုမြန်နေတယ်” လို့ ပြောပါတယ်။

အခုကူးစက်မှုမှာ မသိရသေးတဲ့ ကူးစက်မှုလမ်းကြောင်းတွေ ရှိနေသေးပြီး သေဆုံးသူအများစုဟာ ကူးစက်ခံရနိုင်ခြေရှိသူစာရင်းမှာ ပါမလာခဲ့တဲ့သူတွေ ဖြစ်နေတယ်လို့ တက်ဒရော့စ်က ပြောပါတယ်။

ကူးစက်မှုလမ်းကြောင်းတိုင်းကို ရှာဖွေတားဆီးနိုင်မှသာ ဒီကပ်ရောဂါ ငြိမ်သွားမယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းရှင်းလင်းပွဲမှာတော့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ အရေးပေါ်ကူညီရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် တွမ်ဖလက်ချာ က ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ တိုးမြှင့်လုပ်ဆောင်နေတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေထက်တောင် မြန်နေသေးကြောင်း သတိပေးခဲ့ပါတယ်။

ကူညီတုံ့ပြန်မှုတွေကို အရေးပေါ်တိုးမြှင့်မလုပ်ဆောင်ရင် အသက်ပေါင်းများစွာ ထပ်မံဆုံးရှုံးရမှာ ဖြစ်ပြီး ခြိမ်းခြောက်မှုက ပိုမိုကြီးထွားလာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း ၄၀ ထက်မနည်း အီဘိုလာရောဂါကြောင့် သေဆုံးခဲ့ရသလို ကုသရေးစင်တာတွေနဲ့ လူနာတင်ယာဉ်တွေပါ တိုက်ခိုက်ခံနေရတယ်လို့ ကုလသမဂ္ဂအရာရှိက ပြောကြားခဲ့ပါတယ်။

မေလက စတင်ခဲ့တဲ့ ဒီတကြိမ် ကူးစက်မှုဟာ ကွန်ဂိုသမိုင်းမှာ စံချိန်တင် အကြီးမားဆုံးနဲ့ အသေအပျောက် အများဆုံး အီဘိုလာကပ်ရောဂါ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ မှ ၂၀၁၆ အတွင်း အနောက်အာဖရိကမှာ ဖြစ်ခဲ့တဲ့ ကပ်ရောဂါပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးမားဆုံး ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013