DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် ထိုင်းမှပြန်လာသူများ အိမ်တွင်းနေရန် တားမြစ်ချက် မလိုက်နာ
DVB
·
March 22, 2020
သံတွဲတွင် ထိုင်းမှပြန်လာသူများ အိမ်တွင်းနေရန် တားမြစ်ချက် မလိုက်နာ
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ထိုင်းနိုင်ငံကနေ ပြန်လာသူတွေကို အိမ်မှာပဲနေဖို့ ညွှန်ကြားခဲ့ပေမယ့် မလိုက်နာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သံတွဲမြို့နယ် သပြုချိုင်ရွာ(မေရိုးဘေးဆိပ်ကမ်း)မှာ ထိုင်းနိုင်ငံကနေ ပြန်ရောက်လာတဲ့ မိသားစုဟာ သတ်မှတ်ချက်တွေအတိုင်း အိမ်မှာ မနေတာကြောင့်ဆိုပြီး ဒေသခံတွေစုရုံးပြီး မနေ့ည က ရွာတာဝန်ခံဆီကို တိုင်ကြားခဲ့ကြပါတယ်။

“သူတို့ ၃ ယောက် (သားအဖ ၂ ယောက်နဲ့ အဖေဖြစ်သူရဲ့ ယောက်ဖ)က မတ် ၂၀ ရက်ည ၁၁ နာရီခွဲလောက်မှာ ပြန်ရောက်လာတယ်။ အဲဒီညမှာပဲ ရွာအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးတာဝန်ခံတွေ သွားပြီး အပူချိန်တိုင်းတယ်။ အိမ်မှာပဲနေဖို့၊ အပြင်မထွက်ဖို့ကို မှာခဲ့တယ်။ ဒါပေမဲ့ သူ့သားက မနေ့က ဆိုင်ကယ်နဲ့ ရွာထဲကို သွားနေတာကြောင့် ရွာသားတွေက လာပြောတာ” လို့ ရွာတာဝန်ခံ ဦးကိုလေးက ပြောပါတယ်။

သားအဖနှစ်ယောက် အပါအဝင် မိသားစုဝင် ၃ ယောက်ဟာ ကော့သောင်းကနေ တဆင့် မြန်မာနိုင်ငံထဲကို ပြန်ဝင်လာတာဖြစ်ပြီး လမ်းမှာ ၄ ရက်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

 ရွာသားတွေက ခုလိုလာပြောတဲ့အတွက် ရဲစခန်းမှူးနဲ့အတူ မနေ့ညကပဲ အဲဒီအိမ်ကို သွားပြီး သတိပေးခဲ့တယ်လို့လည်း ဦးကိုလေးက ပြောပါတယ်။

 “အပြင်မထွက်ဖို့၊ လိုအပ်ရင် ရွာက ထမင်းထုပ်ပို့ပေးမယ်လို့ စခန်းမှူးက ပြောတယ်။ ဒီမနက်မှာတော့ အဲဒီအိမ်ကလူရဲ့ မိန်းမက ဈေးသွားဝယ်တယ်ဆိုပြီး ပတ်ဝန်းကျင်က ကျနော့်ကို အသိပေးလာတယ်” လို့ ပြောပါတယ်။

ဒေသခံ တယောက်ကတော့ “ရွာကလူတွေကလည်း သူတို့ကို ရောဂါရှိနေတဲ့သူလိုမျိုး ခွဲခြား မဆက်ဆံဖို့လိုတယ်။သူတို့ကလည်း ဘာပဲဖြစ်ဖြစ် စိတ်ချရတဲ့ အချိန်ထိရောက်အောင် အိမ်မှာပဲ နေထိုင်သင့်တယ်။မဟုတ်ရင် အချင်းချင်းပြသနာတွေဖြစ်နေတော့မှာပေါ့” လို့ ပြောပါ တယ်။

ထိုင်းကနေပြန်လာသူတွေရဲ့တခြားမိသားစုဝင်တချို့လည်း သူတို့နဲ့ အတူပြန်လာခဲ့ပြီး သူတို့ကတော့ အဲဒီရွာနဲ့ မိုင် ၄၀ ‌ကျော်ဝေးတဲ့ ဂွမြို့နယ်က ရတနာမြိုင်ရွာကို ပြန်သွားတယ်လို့ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်နေတဲ့ နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူတွေအနေနဲ့ အိမ်မှာ ၁၄ ရက်စောင့်ကြည့်ခံဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပြီး အိမ်ထဲမှာလည်း သီးခြား အခန်းရှိရင် သီးခြားနေဖို့၊မရှိရင်လည်း တခြားအိမ်သားတွေနဲ့ အနည်းဆုံး ၆ ပေလောက်အကွာ အဝေးက သွားလာနေထိုင်ဖို့ အသိပေးထားပါတယ်။

ပြီးတော့ အိမ်မှာနေတုန်းတလျှောက်လုံးမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတပ်ထားဖို့၊ တကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့နဲ့ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးဖို့လည်း တိုက်တွန်းထား ပါတယ်။

မိသားစုနဲ့ အတူမစားသောက်ဖို့၊ စောင့်ကြည့်ကာလအတွင်းမှာ လူစုလူဝေးရှိတဲ့နေရာတွေကို မသွားဖို့လည်း ညွှန်ကြားထားပါတယ်။

ရတနာမြိုင်ရွာကို ပြန်ရောက်လာသူတွေကို ဘယ်လိုထားတယ်ဆိုတာကို သိရဖို့ ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်အထိတော့ အဆက်အသွယ် မရသေးပါဘူး။

ဒီရက်ပိုင်းမှာပဲ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တော်တော်များများကို ထိုင်းဘက်က ပိတ်လိုက်ပြီး ဖွင့်ထားတဲ့ လမ်းကြောင်းကနေ ထိုင်းရောက် မြန်မာလုပ်သားတွေ အများအပြားဟာ နေရပ်ပြန်လာနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013