
အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS အေဘရာဟမ်လင်ကွန်းဟာ ဆိပ်ကမ်းတခုမှာ လုံး၀ ရပ်နားခြင်း မရှိဘဲ ရက်ပေါင်း ၂၅၀ ကြာအောင် စံချိန်တင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ကို ဆိုက်ရောက်လာပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ နာမည်ကြီးကမ်းခြေမြို့ ပတ္တရားအနီးက ဆိပ်ကမ်းတခုကို ဆိုက်ကပ်လာခဲ့ပြီး အဲဒီစစ်သင်္ဘောကြီးပေါ်က အမှုထမ်း ၅,၀၀၀ နီးပါးကို အနားပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းဟာ တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပေမဲ့လည်း အမေရိကန်နဲ့ စာချုပ်အရ မဟာမိတ်နိုင်ငံ တခု ဖြစ်တဲ့အလျောက် အခုလိုမျိုး ရေတပ်သင်္ဘောတွေ ဝင်ရောက်လာတာမျိုးဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။
အရင်က တိတ်ဆိတ်ငြိမ်သက်ခဲ့တဲ့ ပတ္တယား တံငါရွာလေးဟာ ညပိုင်းဖျော်ဖြေရေးအစီအစဉ်တွေ၊ လိင်အပျော်အပါးလုပ်ငန်းတွေနဲ့အတူ ကမ္ဘာပေါ်မှာ အစည်ကားဆုံးနဲ့ အကျော်ကြားဆုံး ပါတီမြို့တခု အဖြစ် ပြောင်းလဲလာတာကိုပါ မြင်တွေ့နိုင်ပါတယ်။
ဒါဟာ ၁၉၇၅ ခုနှစ်မှာ ဆိုင်ဂုံမြို့ ကျဆုံးပြီးနောက်ပိုင်း စစ်ပွဲဇုန်တခုကနေ ပတ္တယားမြို့ကို တိုက်ရိုက် ရောက်လာတဲ့ အမေရိကန် စစ်သည်အရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ပင်လယ်ပြင်မှာ ၉ လတိုင်တိုင် အမှုထမ်းနေချိန်အတွင်း သုံးစရာမရှိဘဲ စုမိထားတဲ့ လစာ တွေနဲ့အတူ အမေရိကန်ရေတပ်သား ထောင်နဲ့ချီအောင် ရောက်လာတဲ့အတွက် ဒေသခံ စီးပွားရေး လုပ်ငန်းတွေရဲ့ အခွင့်အလမ်း ဖြစ်လာခဲ့ပါတယ်။
တချိန်တည်းမှာ အမေရိကန်ရေတပ်ဟာ ဆိပ်ကမ်းကနေ ပတ္တယားမြို့ထဲကို သွားလာနိုင်ဖို့ အကြိုအပို့ ကားတွေ စီစဉ်ပေးထားသလို ကမ်းပေါ်မှာ နေချင်တယ်ဆိုရင်လည်း သင့်တော်တဲ့ ဟိုတယ် ၂ ခု သတ်မှတ်ပေးထားကြောင်း သိရပါတယ်။
အဲဒီနောက် ထိုင်းနိုင်ငံရဲ့ ပြည့်တန်ဆာလုပ်ငန်းဟာ တရားဝင်ခွင့်ပြုထားတာမျိုး မဟုတ်ဘူးဆိုပြီး သတိပေးထားပေမဲ့လည်း တကယ်တမ်းမှာတော့ ပတ္တယားမြို့တခုတည်းတင် လိင်လုပ်သား ၂၅,၀၀၀ နဲ့ ၅၀,၀၀၀ ကြား ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
လာမဲ့စက်တင်ဘာ ၆ ရက်မှာတော့ နျူကလီးယားစွမ်းအင်သုံး USS Lincoln စစ်သင်္ဘောကြီးက ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်နိုင်ငံဆီ အိမ်အပြန်ခရီးရှည်နှင်ဖို့ ရှိနေပါတယ်။
Source: Reuters











