DVB Logo
Home
မြန်မာသတင်း
ချောင်းသာ၊ ငွေဆောင်လာ ဧည့်သည်များကို မှတ်တမ်းယူခြင်း စတင်ပြုလုပ်
DVB
·
March 22, 2020
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းအတွင်း ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို ခရီးသွား မှတ်တမ်းကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

မတ် ၂၁ ရက်နေ့ မနက်ပိုင်းမှစတင်ကာ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည်သည့်တွေကို မြို့အဝင်ဂိတ်တွေကနေတားပြီး ခရီးသည် တဦးချင်းစီကို ကိုယ်ရေးအချက်အလက်တွေ၊ လာရောက်တဲ့မြို့၊ ပြန်လည်ထွက်ခွာမယ့်နေ့ရက် နဲ့ ၁၄ ရက်အတွင်း ပြည်ပနိုင်ငံခြားသွားလာမှု ရှိ မရှိကို သိရဖို့အတွက် ဖြည့်ပေးဖို့အတွက် စာရွက်တွေဝေပေးပြီး စစ်ဆေးနေတယ်လို့ ငွေဆောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ပြောပါတယ်။

"အစိုးရအဖွဲ့အစည်းအဝေးမှာ မနေ့က လမ်းညွှန်လိုက်တာပါ၊ ကြိုးတံတားထိပ်ကနေ သူတို့ ဖြည့်ရမယ့် အချက်အလက်တွေပါတဲ့ စာရွက်တွေကို ထည့်ပေးလိုက်တယ်၊ မြို့အဝင်မှာဖြည့်ပြီး ကျနော်တို့တွေကို အပ်ရတယ်၊ အဲ့အချက်အလက်တွေကို ကျနော်တို့က အစိုးရအဖွဲ့ကို ပြန်တင် ပေးရတာပါ။"

တိုင်းအတွင်းက ခရီးသွားလာမှုအများဆုံးဖြစ်တဲ့ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ခရီးသွားလာတာကို ကန့်သတ်မှာမဟုတ်ဘဲ လာရောက်လည်ပတ်သူတွေရဲ့ ခရီသွားလာမှု ရာဇဝင်နဲ့ အခြားနည်းလမ်းတွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

လာရောက်လာပတ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်  စာရင်းကောက်ခံတာတွေကိုတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဌာနက တာဝန်ရှိသူတွေပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က နောက်ထပ်ညွှန်ကြားချက်မရခင်အချိန်ထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

"ခရီးသည်တွေနဲ့ စီးလာတဲ့ ယာဉ်နံပါတ် ယာဉ်အမျိုးအစားတွေကို ကောက်ယူတာပါ၊ ပြည်သူတွေကိုလည်း အတူပူးပေါင်းပါဝင်တဲ့ အနေနဲ့တော့ အချက်အလက်တွေကို မှန်မှန်လေး ဖြည့်ပေးစေချင်ပါတယ်" လို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။

ဒါပြင် ကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကို လာရောက်တည်းခိုတဲ့ ဧည့်သည်တွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်စောင့်ကြည့်တာတွေပြုလုပ်ဖို့နဲ့ ထူးခြားမှုရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားတာတွေပြုလုပ်ဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ခရီးသွားလာရောက်လည်ပတ်သူအများဆုံးဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၇၂ လုံးနဲ့ တည်းခိုခန်း ၁၀၅ လုံးရှိတယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013