
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ ဇူလိုင် ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းလို့ တောင်ကျရေတွေ ကျဆင်းလာပြီး နေအိမ်တွေ ရေစီးနဲ့ မျောပါခဲ့ကာ လူတယောက်လည်း ရေစီးနဲ့ မျောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကျရေတွေဟာ ပုသိမ်-ချောင်းသာကားလမ်း ၂၅ မိုင် ၄ ဖာလုံနေရာကနေ ၂၆ မိုင်လောက်အထိ ရေ ၅ ကျော်လောက် မြင့်တက်နေပြီး တောင်ကျရေနဲ့အတူ ခြောက်ကောင်ကျေးရွာက ဒေသခံတယောက်နဲ့ နေအိမ် ၃ လုံး ရေစီးနဲ့ မျောပါ ပျောက်ဆုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ အရပ်သားတယောက်က “ကားလမ်းနဲ့ ပတ်ဝန်းကျင်ကအိမ်တွေ အကုန်မြုပ်ကုန်ပြီ။ ရေက လူတရပ်နီးပါးလောက်ကို မြုပ်နေတာ။ တောင်ကျရေစီးနဲ့ လူနဲ့ အိမ်တွေ မျောပါကုန်တာ။ တချို့ အိမ်တွေပဲ မျောပါတာ။ အချိန်မီ ရှောင်နိုင်လို့” လို့ ပြောပါတယ်။
လက်ရှိ ရေကြီးရေလျှံဖြစ်နေတဲ့ ပုသိမ်-ချောင်းသာ ကားလမ်းဟာ အရှည်မိုင် ၄၀ ကျော်အထိရှိပြီး လမ်းတလျှောက် ရေမြုပ်နေတဲ့အပြင် ချောင်းသာက ခရီးသည်တွေကို ဆွဲဆောင်ရာ ဆင်စခန်းအနီးမှာလည်း ကားလမ်းရေကျော်ပြီး ကားတွေ ဖြတ်မရလို့ ရပ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “ရေက အရမ်းကြီးကို မကျသေးဘူး။ မိုးက အဆက်မပြတ် ရွာနေတော့လေ။ လာမဲ့ ဇူလိုင်လ ၂၀ ရက်အထိ မိုးကြီးမယ်လို့ သတိပေးထားတော့ ရေဘေးနဲ့ပတ်သက်လို့ သတိပြုနေဖို့ ထပ်ဆင့် သတိပေးချင်ပါတယ်” လို့ ပြောပါတယ်။
တောင်ကျရေတွေ အဆက်မပြတ် ကျဆင်းနေတာကြောင့် ရွှေ့ပြောင်းနေရတဲ့ ဒေသခံတွေရဲ့ တောင်ကျရေစီးနဲ့ မျောပါတဲ့ အိမ်အရေအတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဇွန် ၅ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ တင်းချောင်းကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေတွေ ကျဆင်းခဲ့တဲ့အတွက် အလျား ပေ ၃၀၀ ကျော်၊ အနံ ပေ ၇၀ ကိုယ်ထူကိုယ်ထ တံတား ၁ စင်း၊ နေအိမ် ၂ လုံးနဲ့ နွား ၄ ကောင် ရေစီးနဲ့ မျောပါခဲ့ပါတယ်။
တောင်ကျရေတွေ ကျဆင်းလာမှုကြောင့် နေအိမ်တွေနဲ့ လူ ရေစီးထဲမျောပါခဲ့တဲ့အပြင် နေအိမ်အများအပြားလည်း တောင်ကျရေတွေ နစ်မြုပ်နေပါတယ်။
လတ်တလောအနေနဲ့ ရေဘေးသင့် ဒေသခံတွေကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက နီးစပ်ရာ မိသားစုတွေဆီ အရေးပေါ် ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့များနဲ့ ဒေသခံ










