DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁  ကို ၁၄ ရက် ယာယီပိတ်
DVB
·
March 21, 2020
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တဲ့အနေနဲ့ ကရင်ပြည်နယ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၁ ကို  မတ်လ ၂၁ ရက်နေ့ကစပြီး ၁၄ ရက်ကြာ ယာယီပိတ်လိုက်ပါတယ်။ 

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်-၂ ကိုတော့ မနက် ၅ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ ဆက်လက်ဖွင့်လှစ်ပေးထားပါတယ်။ 

အမှတ်-၁ တံတားပိတ်လိုက်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ စီးပွားရေးသမားတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့  မြဝတီ နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။

“ရေရှည်ဖြစ်သွားမယ်ဆိုရင်တော့ ထိခိုက်တာပေါ့။ နှစ်ခုစလုံး ထိခိုက်နိုင်တယ်။ လူတွေကန့်သတ်လာတဲ့နေရာမှာ ကုန်သွယ်မှုကို မကန့်သတ်ရင်တောင်မှာ လူကန့်သတ်ပြီဆိုရင် အနည်းနဲ့အများ ထိခိုက်တာပဲ။ ကုန်သွယ်မှုဆိုတာ လူက လုပ်တာ။ လူက အသွားအလာ လုပ်လို့မရဘူးဆိုရင် အခုပဲ ပြောင်းလာကြည့်တဲ့ ထိုင်းကုန်သည်တွေ တော်တော်များများ ပျောက်ကုန်တယ်။ မလာကြတော့ဘူး။ ပို့ကုန် သုံးပုံနှစ်ပုံလောက်က ပျောက်သွားတာပေါ့။”

တံတားပိတ်လိုက်တာကြောင့် ထိုင်းကနေ မြန်မာနိုင်ငံ ပြန်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေအတွက်လည်း အခက်အခဲ ရှိနေသလို ပြန်လာမယ့် လုပ်သားတွေဆီကနေ ရောဂါပိုးကူးစက်လာနိုင်ခြေရှိတဲ့အတွက်လည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လူမှုကူညီရေးအဖွဲ့ဝင် ကိုသားကြီးက “မြန်မာရွှေ့ပြောင်းလုပ်သားတွေ မစိုးရိမ်ပါနဲ့။ မတ်လ ၂၁ ရက်နေ့ကစပြီး ချစ်ကြည်ရေးတံတား ပိတ်လိုက်ပါပြီ။ ဒါပေမဲ့ မိခင်နိုင်ငံထဲကို ပြန်ဝင်ရင် ဘယ်လိုဝင်မလဲဆိုတော့ တံတားအမှတ်-၂ ကနေ စာအုပ်တွေကို အထွက်တုံးထုပြီး ဝင်ပါ။ အမှတ်-၁ တံတားနားမှာရှိတဲ့ တောမောင်းရုံးမှာရှိတဲ့ တုံးကြီး လာမထုချင်ရင်လည်း ဘယ်နေရာမှာရှိရှိ၊ ဘယ်မြို့မှာရှိရှိ ဘန်ကောက်ကနေ အပေါ်ကနေလည်း တုံးကြီးထုလာပြီးတော့ တံတားအမှတ်-၂ မှာ သွားပြန်ထွက်လို့ရတယ်ဆိုတာ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

 မြဝတီမြို့ခံက ဒေါ်ဌေးရီက “ကိုယ့်အိမ်မှာ အစားအသောက်၊ အသွားအလာ၊ အနေအထိုင် ဆင်ခြင်ဖို့၊ လူများတဲ့နေရာ မသွားဖို့ ညွှန်ကြားထားပါတယ်” လို့ ပြောပါတယ်။

မြဝတီမြို့ဟာ အစိုးရအပြင် လက်နက်ကိုင်အဖွဲ့တွေလည်း အခြေစိုက်တဲ့မြို့ ဖြစ်ပါတယ်။ 

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ပြဿနာမှာ ဌာနဆိုင်ရာတွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ပူးပေါင်းကူညီကြဖို့ ကရင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ မြဝတီခရိုင် ထွေအုပ်ရုံး အစည်းအဝေးမှာ တိုက်တွန်းပါတယ်။ 

“ညှိနှိုင်းပါ။ ပူးပေါင်းဆောင်ရွက်ပါ။ အချိန်နဲ့တပြေးညီ တင်ပြပါ။ ကျနော်တို့ ချက်ချင်းပဲ စဉ်းစားပြီး အစည်းအဝေးတင်ပြ ညှိနှိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”

နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့အခါ ဒေသခံပြည်သူတွေဟာ ကုန်ဈေးနှုန်းတက်တာကို ကြုံရမှာဖြစ်ပြီး လုပ်ငန်းရှင်တွေဟာလည်း ဆုံးရှုံးတာ အမြောက်အမြား ဖြစ်လာနိုင်ပါတယ်။

အာဏာပိုင်တွေကတော့ ပြဿနာကို တတ်နိုင်သလောက် ထိန်းနိုင်အောင် ကြိုးစားနေတယ်လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

“ဒီအချိန်မှာ လူစုလူတွေးကို ရှောင်ကိုရှောင်ရမယ်။ အားလုံးကို စိတ်ပူနေကြတယ်။ စိတ်ပူလို့ ကူညီချင်ရင် အားလုံးက တတ်နိုင်သမျှ မိမိအိမ်မှာ နေရမယ်။ မဖြစ်မနေ သွားရမယ် ဆိုရင်လည်း ကျန်းမာရေးဌာက ညွှန်ကြားထားတဲ့ ဂိုက်လိုင်းတွေ၊ ညွှန်ကြားချက်တွေကို မဖြစ်မနေ လိုက်နာရမယ်။ အဲဒါအရေးအကြီးဆုံးပဲ။”

မြဝတီမြို့ခံတွေဟာ ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေကို ၈၀ရာခိုင်နှုန်းအထိ အားထားအသုံးပြုနေတာပါ။ တံတားတွေ နယ်စပ်ဂိတ်တွေ ရေရှည်ပိတ်ထားရမယ်ဆိုရင် စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ 

တဖက်ကလည်း COVID-19 ကာကွယ်ရေးအတွက် တံတားတွေ၊ ဂိတ်တွေကို အာဏာပိုင်တွေက မဖြစ်မနေ ပိတ်နေရတာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013