DVB Logo
Home
မြန်မာသတင်း
COVID-19 ရောဂါအချိန်မရွေး ဖြစ်ပွားနိုင်၊ တတ်နိုင်သမျှ အိမ်မှာနေရန် အစိုးရ မေတ္တာရပ်ခံ 
DVB
·
March 21, 2020
COVID-19 ရောဂါအချိန်မရွေး ဖြစ်ပွားနိုင်၊ တတ်နိုင်သမျှ အိမ်မှာနေရန် အစိုးရ မေတ္တာရပ်ခံ 
Donate to DVB

ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် နိုင်ငံသားအားလုံး လူထူထပ်တဲ့နေရာတွေ ပွဲလမ်းသဘင်အခမ်းအနား သွားတာတွေ ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ အိမ်မှာနေရန် အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။ 

အခုအခါမှာ ဒီဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံတွင် ကူးစက်ဖြစ်ပွားနေလို့ ရောဂါအချိန်မရွေး ဝင်ရောက်နိုင်ပြီး နိုင်ငံသား တဦးတယောက်မျှ ရောဂါမဖြစ်စေလိုတဲ့အပြင် အသက်ဆုံးရှုံးတာတွေ မရှိစေလိုတဲ့အတွက် အခုလို သတိပေးရတာလို့ မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်။

မေတ္တာရပ်ခံစာမှာ အိမ်မှာ တတ်နိုင်သလောက်နေဖို့အပြင် အသက် ၆၀ နှစ်အထက် အသက်အရွယ်ကြီးသူတွေနဲ့ နာတာရှည် တခြားရောဂါရှိသူတွေဟာလည်း အပြင်သွားတာကို အခုကာလမှာ ရှောင်ဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ရာ ဒေသနဲ့နိုင်ငံတွေက ပြန်လာသူတွေအနေနဲ့ အနီးဆုံး ကျန်းမာရေးဌာနကို သတင်းပို့ဖို့နဲ့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ဖို့လည်း အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးဘဲ မတ် ၂၀ ရက်အထိ စောင့်ကြည့်လူနာ ၁၂ ဦးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ ကြည့်ရှုကုသပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မြန်မာအစိုးရက နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရွန်းနစ် ဗီဇာအားလုံး ထုတ်ပေးတာကို မတ် ၂၀ ရက်နေ့ကစပြီး ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းထားသလို မတ် ၁၅ ရက်ကစလို့  တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ကိုရီးယားသမ္မတနိုင်ငံ ဒယ်ဂူးနဲ့ ဂျော်ဘွတ်ပြည်နယ်ကို လွန်ခဲ့တဲ့ ၂ ပတ်က သွားရောက်ခဲ့သူ နိုင်ငံခြားသားတွေကို နိုင်ငံတွင်း ဝင်ခွင့်မပြုတော့ပါဘူး။

ဒါ့အပြင် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ကိုရီးယားသမ္မတနိုင်ငံ ဒယ်ဂူးနဲ့ ဂျော်ဘွတ်ပြည်နယ်ကို လွန်ခဲ့တဲ့ ၂ ပတ်က သွားရောက်ခဲ့သူ နိုင်ငံသားတွေနဲ့ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတွေအပြင် အမေရိကန်၊ ဆွစ်ဇလန်၊ဗြိတိန်၊ နယ်သာလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေကို နေခဲ့သူ တွေနဲ့ သွားခဲ့တဲ့ နိုင်ငံသားတွေ အပါအဝင် ခရီးသွားတွေအကုန်လုံး သီးသန့်နေရာတွေမှာ စောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက်ကနေ မတ် ၂၀ ရက်အထိ စောင့်ကြည့်လူနာတွေထဲက တခြားရောဂါတွေ ကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013