Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရန် ဖားကန့်ရှိ ကျောက်စိမ်းစျေးတန်းများ ပိတ်
DVB
·
March 20, 2020
90248158_2836500123131471_7116724452573839360_n
ကမ္ဘာ့ကူးစက်မှုရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖားကန့်လုံးခင်း ရတနာနယ်မြေရှိ ကျောက်ဝိုင်းနဲ့ ကျောက်စိမ်းဈေးတန်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကျောက်ဝိုင်းကော်မတီ တာဝန်ခံတွေက ပြောပါတယ်။ ဖားကန့်မြို့မ ရပ်ကွက်မှာရှိတဲ့ နေ့ဘက် ကျောက်ဝိုင်းကို ဒီနေ့ မနက် စတင်ပိတ်လိုက်တယ်လို့ ကျောက်ကုန်သည်တွေက ပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်း ညပိုင်းမှာ ကျောက်စိမ်းရောင်းတဲ့ ကျောက်စိမ်းစျေး ၃ ခုရှိပြီး မတ်လ ၁၈ ရက်နေ့ညက ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာမှ ညကျောက်စိမ်းစျေးတန်းကို ရက်အကန့်အသတ်မရှိ စတင်ပိတ်လိုက်တာလို့ ဆိပ်မူအုပ်ချုပ်ရေးမှူးက ပြောပါတယ်။  "ကျောက်ဝယ်တာကလည်း တရုတ်တွေအရမ်းများတယ်။ အစိုးရကလည်း လူစုလူဝေးမလုပ်ဖို့ ညွှန်ကြားထားတယ်။ ဒီရောဂါကလည်း ကြောက်စရာကောင်းတယ်ဆိုတော့ အထက်ကို အဆင့်ဆင့်တင်ပြပြီး ပိတ်လိုက်တာပါ" လို့ ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတူးမိုင်က ပြောပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ရှိတဲ့ ညကျောက်ဝိုင်း (စျေးတန်း) နဲ့ ဆိပ်မူအုပ်စု ဝေခါကျေးရွာမှာ ရှိတဲ့ ညကျောက်စိမ်းဝိုင်း (စျေးတန်း) တွေကိုလည်း မတ်လ ၁၉ ရက်နေ့ညက စတင်ပိတ်လိုက်တယ်လို့ လုံးခင်းကျေးရွာ ကျောက်ဝိုင်း (စျေးတန်း) တာဝန်ခံ ကိုကျော်သူရအောင်က ပြောပါတယ်။  "ကိုရိုဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ၊ ကျောက်ကုန်သည်တွေနဲ့ ပေါင်းစပ်ညှိနိုင်းပြီး ပိတ်လိုက်တာပါ။ နောက်အခြေအနေကောင်းမှ ပြန်ဖွင့်မှာပါ။" ညကျောက်ဝိုင်းတွေ ပိတ်လိုပေမယ့် နေ့ကျောက်ဝိုင်းများကို ပိတ်ထားဘို့ ညွှန်ကြားတာ မရှိဘူးလို့လည်း ကျောက်သမားတဦးက ပြောဆိုပါတယ်။ ဖားကန့်မြို့နယ် ဖားကန့် လုံးခင်းရတနာမြေတွင် ညကျောက်ဝိုင်း သုံးခုရှိပြီး လုံးကျေးရွာမှ ညကျောက်ဝိုင်းဟာ လူစည်ကားဆုံးလည်း ဖြစ်ပါတယ်။ ဖားကန့်လုံးခင်း ရတနာနယ်မြေတွင် ပွင့်လင်းရာသီချိန်ဖြစ်သောကြောင့် လူဦးရေ ထူထပ်မှုလည်း အင်မတန်များပါတယ်။  အခုလို ကျောက်စိမ်းဝိုင်းတွေ ပိတ်သိမ်းလိုက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဒုစရိုက် လုပ်ငန်းတွေ ပေါ်ပေါက်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သတင်း- ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024