
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မြောက်ပိုင်းမှာရှိတဲ့ မူလတန်းကျောင်းတကျောင်းရဲ့ စတုတ္ထထပ် ဂီတခန်းမထဲ မှာ ဇွန် ၁၉ ရက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ ကျောင်းသားတွေနဲ့ ဆရာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
မီးလောင်မှု စတင်ဖြစ်ပွားချိန်မှာ တာကီနိုဂါဝါ ဒိုင်ဆန် မူလတန်းကျောင်းထဲမှာ ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်း စုစုပေါင်း ၃၀၀ ဝန်းကျင် ရှိနေခဲ့တာဖြစ်ပြီး ကျောင်းသားအများအပြားဟာ မီးခိုးမွှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဂျပန်အမျိုးသားရုပ်သံလိုင်း NHK က သတင်းထုတ်ပါတယ်။
မျက်မြင်သက်သေတယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာတော့ အနီးနားက လမ်းမပေါ်ကနေ မီးခိုးလုံး မည်းမည်းတွေ လွင့်တက်နေတာကို ဘေးကလူတွေ ဝိုင်းကြည့်နေကြတာ တွေ့ရပါတယ်။
ဒါ့အပြင် ဒေသတွင်းရုပ်သံလိုင်းတွေရဲ့ ဝေဟင်ရုပ်သံမှတ်တမ်းတွေအရ မီးသတ်သမားတွေဟာ ပျက်စီးသွားတဲ့ကျောင်းရဲ့ တတိယထပ်နဲ့ စတုတ္ထထပ် ပြတင်းပေါက်တွေကနေတဆင့် အထဲကို လှေကားတွေနဲ့ တက်ရောက်ငြှိမ်းသတ်နေကြတာကို တွေ့ရပါတယ်။
Source:Reuters










